Clash of the Titans HD

Clash of the Titans

Fantasy Adventure HD 1981-06-12 6.887 118 Min

အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားတွေရဲ့ဖခင် ဖြစ်တဲ့ ဇုစ်ဟာ အာဂို့စ်တိုင်းပြည်ကအလွန်ချောမောလှပတဲ့ ဘုရင့်သမီးတော် ဒနေးကို အထူးစောင့်ကြပ်ထားတဲ့ကြားကရွှေရောင်ချိုးရေအသွင်ပြောင်းပြီးတော့ ပေါင်းသင်းခဲ့ပါတယ်။ကလေးတစ်ယောက်ရလာခဲ့တဲ့ သမီးတော် ဒနေးအပေါ် ဖခင်ဘုရင်ကြီး အက်ကရီးစီးယက်စ်ကအမျက်တော်ရှိပြီး ဒနေးနဲ့သားငယ် ပါးစီးယက်စ်ကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပါတယ်။ဒါကို သိရှိသွားတဲ့ ဇုစ်နတ်ဘုရားက အာဂို့စ်တိုင်းပြည်ကို ဧရာမတိုက်တန်ကြီး ကရာကန်ကိုစေလွှတ်ဖျက်ဆီးစေခဲ့ပြီး ဒနေးနဲ့သားတော်ပါးစီးယက်စ်ကို ဘေးကင်းရာကို လုံလုံခြုံခြုံရောက်ရှိစေရန်ပင်လယ်နတ်ဘုရားပိုဆိုက်ဒန်ကို စေခိုင်းခဲ့ပါတယ်။ ပါးစီးယက်စ်တစ်ယောက် ချောမောခန့်ညားစွာအရွယ်ရောက်လာခဲ့ပြီး ဇုစ်ရဲ့ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့ပါတယ်။သူ့သားကာလီးဘော့စ်အပေါ် ပြစ်ဒဏ်ချထားမှုအပေါ် မကျေနပ်တဲ့နတ်ဘုရားမတက်တစ်က ဇုစ် မျက်နှာသာပေးခြင်းခံရတဲ့ ပါးစီးယက်စ်အပေါ်မနာလိုဖြစ်ပြီးကျိန်စာသင့်မျှော်လင့်ချက်မဲ့နေတဲ့ ဂျော်ပါမြို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေ အာဂို့စ်ကိုပြန်လည်သိမ်းပိုက်ဖို့ အကြံရှိတဲ့ပါးစီးယက်စ်က သူ့ရဲ့ခရီးစဉ်ကိုဂျော်ပါမြို့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။တက်တစ်စ်နဲ့ မကောင်းဆိုးဝါးသဖွယ် အသွင်ပြောင်းပြီး အပြစ်ပေးခံထားရတဲ့ကာလီးဘော့စ်တို့ရဲ့ ကြီးစိုးမှုကြောင့် ဂျော်ပါမြို့သားတွေဟာ ကျီးလန့်စာစားဖြစ်နေကြပြီးကာလီးဘော့စ်နဲ့ ရည်ရွယ်ထားတဲ့ မင်းသမီးအန်ဒရိုမေဒါကလည်းအကျဉ်းစံသတို့သမီးလောင်းဘဝကိုရောက်နေခဲ့ပါတယ်။အန်ဒရိုမေဒါနဲ့ လက်ဆက်ဖို့ ကြိုးစားသူတိုင်းကလည်း ကာလီးဘော့်စ်ရဲ့ ပဟေဠိပုစ္ဆာကိုဖြေဆိုနိုင်ကြဘဲမီးတင်ရှို့ယစ်ပူဇော်ခံရစမြဲပါ။အန်ဒရိုမေဒါနဲ့ လက်ဆက်ရင်း တိုင်းပြည်တစ်ခုလုံးကို အုပ်စိုးရမယ့်အခွင့်အရေးကိုပါးစီးယက်စ်ကလည်း ကြိုးစားလာပါတယ်။ စီစဉ်သူ ဇုစ်ကနေတစ်ဆင့်နတ်ဘုရားတွေရဲ့လက်ဆောင်ဖြစ်တဲ့ ကိုယ်ပျောက်ခေါင်းဆောင်း၊ ဓားလွတ်တစ်ချောင်းနဲ့ဒိုင်းကာတစ်ခုကိုပါ ရရှိလာရင်း အန်ဒရိုမေဒါကို မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာတော့သူ့အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့သတ္တိတွေ ဝင်လာခဲ့ပါတယ်။စိမ့်မြေသခင် ကာလီးဘော့စ်ကိုပါ တိုက်ခိုက်အနိုင်ယူပြီး အန်ဒရိုမေဒါရဲ့ပုစ္ဆာကိုဖြေဆိုကာ တိုင်းပြည်တစ်ခုလုံးပါ အပိုဆောင်းရယူနိုင်ခဲ့ပါတယ်။ရွှေလက်ဆက်ပွဲမှာ အန်ဒရိုမေဒါရဲ့မိခင်၊ ဂျော်ပါရဲ့ဘုရင်မ ကတ်စီရိုပီအာရဲ့မဆင်မခြင်ပြောဆိုမှုကြောင့် နတ်ဘုရားမတက်တစ်က သားဖြစ်သူအပေါ်ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ သူ့အပေါ်စော်ကားမှုအပေါ် ပြန်လည်ပေးဆပ်ရန်အန်ဒရိုမေဒါရဲ့ အသက်ကို တောင်းဆိုခဲ့ပါတယ်။ ဂျော်ပါမြို့သူမြို့သားအားလုံးကိုကရာကန်ဖျက်ဆီးတိုက်ခိုက်မည့်ဘေးမှ လွတ်လိုပါက အန်ဒရိုမေဒါကိုရက် (၃၀) အတွင်း ကရာကန်အား ယစ်ပူဇော်ဆက်သရန် အမိန့်ပေးခဲ့ပါတယ်။ပါးစီးယက်စ်ကလည်း ဧရာမတိုက်တန်ကရာကန်ကို အနိုင်ယူနိုင်ဖို့ နည်းလမ်းတွေကိုရဲမက်ဗိုလ်ပါတွေနဲ့အတူ တိုင်ပင်စဉ်းစားကြရင်းနဲ့ပဲရှာပုံတော်စွန့်စားခန်းခရီးတစ်ခု ထွက်ရန် ဖန်လာပါတော့တယ်…၈၀ ခုနှစ်က Special Effects တွေ အခုကာလလောက် မဖွံ့ဖြိုးသေးပေးမယ့်Clash of the titans ဟာ လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်း ပါးစီးယက်စ်ရဲ့ ရဲရင့်မှု၊နတ်မြင်းပျံ ပက်ဂဆစ်၊ ဇီးကွက်စက်ရုပ်ကလေး ဘူဘို၊ကြောက်မက်ဖွယ် ဧရာမတိုက်တန်ကရာကန်၊ အန်ဒရိုမေဒါရဲ့ အလှတရား စတဲ့ရောင်စုံစုတ်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ ဂန္ထဝင်ပန်းချီကားတစ်ချပ်အဖြစ် ရှိနေဆဲပါ။