Peaky Blinders မင်းသားကြီး Cillian Murphy နဲ့Pirate of the Caribbean တို့ Atonement တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Keira Knightley တို့ရဲ့ ၂၀၀၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Edge Of Love ဖြစ်ပြီး IMDbRating 6.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းအချစ်ရဲ့အဆုံးစွန်မှာ ဘယ်လိုအရာမျိုးတွေရှိမယ်ဆိုတာကိုအဓိပ္ပာယ်လေးနက်စွာနဲ့ နားလည်ရခက်အောင် စိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဂျာမနီနဲ့အင်္ဂလန်စစ်ဖြစ်နေတဲ့ အချိန်ကာလမှာ အင်္ဂလန်မှာစိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီအချစ်ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်တောင်မဟုတ်ဘဲ ၄ ပွင့်ဆိုင်ဖြစ်တဲ့ လူ ၄ ယောက်ကြားကသပွတ်အူထက်ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်လမ်းက ဘယ်လိုစလဲဆိုတော့ ဒေလန်ဆိုတဲ့ ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင် တိုင်းပြည်မှာစစ်ပွဲတွေဖြစ်နေတဲ့အချိန်စစ်မှုထမ်းရမှာငြင်းဆန်တဲ့ သူတစ်ယောက်က ဗယ်ရာလို့ခေါ်တဲ့တပ်မှာဖျော်ဖြေသူကောင်မလေးတစ်ယောက်နဲ့ပြန်တွေ့ရာကနေစပါတယ်။သူတို့နှစ်ယောက်က ငယ်စဉ်တုန်းကချစ်သူတွေဖြစ်ခဲ့ပြီး အခုပြန်တွေ့တဲ့အခါမှာလည်း သံယောဇဉ်တွေကမပြတ်နိုင်ကြသေးပါဘူး။ဒါပေမယ့်ဒေလန့်မှာမယားကြီးရှိနေတာကိုတော့ ဗယ်ရာတစ်ယောက်မသိခဲ့ပါဘူး။နောက်နေ့ ဒေလန့်မယားကြီးဖြစ်တဲ့ ကတ်တလင်းကဒေလန်ရှိရာကိုလိုက်ခဲ့တဲ့အချိန်မှာ ပုံမှန်ဆိုရင် ပွဲတွေဖြစ်လောက်ပေမဲ့ အရင်ခေတ်ကမလားလို့တော့မသိ သဘောထားကြီးစွာနဲ့ပဲမယားကြီးနဲ့မယားငယ်အပေးအယူမျှတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းတွေပါဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီ ၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲကိုထပ်ဝင်လာသူကတော့ ဝီလီယမ်ဆိုတဲ့တပ်ကြပ်ကြီးပဲဖြစ်ပါတယ်။ဗယ်ရာ့စိတ်ထဲမှာ ဒေလန်တစ်ယောက်တည်းရှိပေမဲ့နောက်ဆုံးမှာတော့ ဝီလီယမ်ရဲ့အချစ်တွေကိုမတားဆီးနိုင်တော့ပဲချစ်ကျွမ်းဝင်သွားကြတဲ့အခါမှာ သူတို့ ၄ ယောက်သားရဲ့ကြားထဲမှာဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ဒရာမာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုရမဲ့ဒရာမာ ဇာတ်လမ်းကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။