ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်…ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာမမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာအထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ဒီကားဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင်2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ 2001 ရုပ်ရှင်အကြောင်း၊Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီးဒီရုပ်ရှင်ဟာ အနာဂတ်ဟောစာတမ်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။လူသားတွေဆီရောက်ရှိလာတဲ့ ကျောက်တိုင်ကြီး ၄ တိုင်ကို ရှာဖွေပုံအကြောင်းနဲ့ဒီကျောက်တိုင် ၄ တိုင်ရဲ့ ဆက်စပ်မှုအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပြီးအထင်ရှားဆုံးထူးခြားချက်ကတော့ လကမ္ဘာကို လူတွေမရောက်သေးခင်မှာတင်လကမ္ဘာကို စိတ်ကူးယဉ်ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်အာကာသယာဉ်မှူးတွေလပေါ်တကယ်ရောက်ရှိခဲ့ပြီး ပြန်လာတဲ့အခါမှာလည်းလကမ္ဘာဆိုတာ 2001: A Space Odyssey ထဲကအတိုင်းပါပဲလို့ပြောသွားရလောက်တဲ့အထိ မှန်ကန်တိကျခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။2001 ဟာ နှစ်ချို့ဝိုင်တစ်ပုလင်းလိုပဲ အချိန်ကြာလေလေ ရုပ်ရှင်ထဲကအချက်အလက်တွေ၊သီအိုရီတွေက လူတွေနဲ့ ပိုမိုနီးစပ်လာလေ၊ ရင်းနှီးလာလေဖြစ်ပြီး Stanley Kubrick တစ်ယောက်ဒါကြီးကို ဘယ်လိုများစဉ်းစားမိပါလိမ့် လို့တွေးသွားရလောက်အောင် အံ့သြစေပါလိမ့်မယ်။၁၉၆၀ က မရောက်သေးတဲ့ လကမ္ဘာအကြောင်း၊ နေအဖွဲ့အစည်းအကြောင်းအပြင်အဲ့ခေတ်အဲ့အခါက ထွင်ဖို့တောင်မပြောနှင့်၊ စဉ်းတောင်မစဉ်းစားမိသေးတဲ့A.I (Artificial Intelligence) စနစ်တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားပြီးတကယ်ပဲ ကြက်သီးမွှေးညှင်းထမိစေပါလိမ့်မယ်။ဒါရိုက်တာကြီးကိုယ်တိုင်က ဒီဇာတ်ကားဟာ သာမန်ရုပ်ရှင်ကြည့်ပရိသတ်အကြိုက်တွေ့မယ့်ဇာတ်ကားမျိုးမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး ကြည့်ရှူသူတစ်ယောက်ကိုအမြင်တစ်မျိုးထွက်လာအောင်လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ရုပ်ရှင်ကို ဖျော်ဖြေရေးတစ်ခုအတွက်နဲ့ ကြည့်ရှူနေသူတွေအတွက်တော့ ပျင်းစရာကောင်းပြီးဘာရိုက်ပြနေမှန်းမသိပါဘူးလို့ ပြောမိပါလိမ့်မယ်ဆိုတာတော့ ကြိုတင်အသိပေးလိုပါတယ်။Stanley Kubrick ရဲ့ နှစ်ခါပြန်မရနိုင်တော့တဲ့ 2001 ဇာတ်ကားကြီးကိုအခုပဲ ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။