ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေရင်းနဲ့ပေါ့။ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့ရှိချိန်ကစလို့လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်းဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီးကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်းနာမည်ကျော်ကြား လူသိများလာပါပြီ။ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်းတစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲအေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကိုဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်သွားနိုင်မလားဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။