ဇာတ်လမ်းအကျဉ်းကတော့ ဝူခုန်းကို လွှတ်ပေးမယ့် ကျန်းလျူအာ(ရေမျောကမ်းတင်ကလေးငယ်) ဆိုတဲ့ ကိုရင်ပေါက်စလေးဟာ ငယ်စဉ်ကတည်းက မိစ္ဆာတွေကြောင့် မိဘမဲ့ဖြစ်ခဲ့ရပြီး လေလွင့်နေတဲ့ဘုန်းကြီးတစ်ပါးက ရေထဲကနေ ကောက်ယူမွေးစားခဲ့တာပါ… တနေ့မှာ သူတို့ရဲ့ရွာကို မိစ္ဆာတွေဝင်ပြီး ကလေးတွေကို ဖမ်းတဲ့အခါ ဝင်ပြီးကူညီပေးရင်းနဲ့ အမှတ်မထင် ဝူခုန်းအချုပ်ခံထားရတဲ့ ဂူထဲရောက်ပြီးလွှတ်ပေးမိသွားတာပါ… အစွမ်းတွေရုပ်သိမ်းခံထားရလို့ စိတ်ပျက်နေတဲ့ ဝူခုန်းနဲ့… ကလေးပီပီ အင်မတန်စကားများပြီး တရစပ် မေးခွန်းထုတ်တတ်တဲ့ ကိုရင်ငယ်လေးတို့ဟာ ရွာကို ပြန်ရင်းနဲ့ လမ်းမှာပါကျဲတို့လိုဘော်ဒါတွေ Hun Dun မိစ္ဆာကောင်တွေနဲ့ပါကြုံတွေ့ရပါတော့တယ်။ကိုရင်လေးကယ်လာတဲ့ ကလေးမလေးဟာ Hun Dun မိစ္ဆာရဲ့ ယစ်ပူဇော်ပွဲအတွက်အရေးပါတဲ့စတေးခံတယောက်ဖြစ်တာမလို့ ကိုရင်လေးနဲ့ကလေးမလေးနောက်ကို မိစ္ဆာတွေကတောက်လျှောက်လိုက်ပါတော့တယ်။ ကလေးတွေနဲ့ ကိုရင်လေးကို အစွမ်းထက်တဲ့ မိစ္ဆာရဲ့လက်ထဲကနေ ကယ်တင်ချင်ပေမယ့် စိတ်ပဲရှိပြီး အရင်လို မစွမ်းဆောင်နိုင်တဲ့ ဝူခုန်းက ဘယ်လိုကယ်ထုတ်မလဲ…ကြမ်းတမ်းမောက်မာတဲ့ ဝူခုန်းကို ဘယ်လိုအကြောင်းတွေကြောင့် ပြောင်းလဲသွားစေလဲဆိုတာကိုတော့…..။