ဇာတ်လမ်းအကျဥ်းကတော့ Bartleby နဲ့ Loki တို့ဟာ တမန်တော်နှစ်ပါးဖြစ်ပြီး ဘုရားသခင်က အပြစ်ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်နေကြပါတယ်။ တစ်နေ့မှာသူတို့ရဲ့အပြစ်တွေကို ချေဖျက်ပြီး ကောင်းကင်ဘုံကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒါကတော့ ကတ်သလစ်သာသနာရဲ့ တရားသေ ယုံကြည်မှုတစ်ခုဖြစ်တဲ့ Planery Indulgenceဖြစ်ပြီး နယူးဂျာစီက ဘုရားကျောင်းတစ်ခုထဲက မုခ်ဦးတစ်ခုကို ဖြတ်လျှောက်လိုက်ရုံနဲ့ ဘုရားသခင်က သူတို့နှစ်ဦးကို ခွင့်လွှတ်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ထင်ထားတာထက် နက်နဲပြီးသူတို့နှစ်ဦး မုခ်ဦးကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်တည်မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး ပျက်သုဉ်းသွားမှာပါ။ ဒီတော့ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦးဆောင်ပြီး အဖွဲ့တစ်ခု ဖွဲ့စည်းကာ တမန်တော်နှစ်ပါးကို တားဆီးဖို့ ပြင်ဆင်ရပါတော့တယ်။ အဖွဲ့ထဲမှာ The Last Scion ဖြစ်တဲ့ မိန်းကလေးတစ်ဦး၊ ခရစ်တော်ရဲ့ ၁၃ ပါးမြောက် Apostle နဲ့ Muse နတ်သမီးတစ်ပါး၊ ဆေးသမား ဂျလေဘီနှစ်ယောက် ပါဝင်ကြပါတယ်။ဇာတ်လမ်းအမျိုးအစားက Satire/Comedy အမျိုးအစားဖြစ်ပြီး ဒီရုပ်ရှင်ကို မုန်းတီးကြသူတွေရှိသလို ယုံကြည်မှုနဲ့ဆိုင်တဲ့ လေးနက်တဲ့ အကြောင်းအရာတွေကို ဟာသဆန်တဲ့ ဒိုင်ယာလော့တွေနဲ့ အနားသတ်ထားပုံတွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေးခွန်းထုတ်သရော်ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်ရှင်လို့လည်း သတ်မှတ်နိုင်ပါတယ်။ရိုင်းပျပြင်းထန်တဲ့ စကားလုံးတွေ၊ ပြကွက်တွေ ပါဝင်တာကြောင့် R-rated သတ်မှတ်ထားပြီး၊ ဘာသာရေးအရ ထိရှလွယ်သူတွေ ကြည့်ရှုဖို့မသင့်ပါဘူး။