ကိုယ်တွေ ကလေးဘဝတုန်းက ဘုမသိဘမသိနဲ့ ကာတွန်းကားဆိုပြီးတော့ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတွေကို အသက်အရွယ်တစ်ခုရောက်လို့သိတတ်တွေးတတ်တဲ့ အချိန်မှာ ပြန်ကြည့်မိရင် ရတဲ့ခံစားချက်ကကလေးဘဝတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အိမ်ပြန်တဲ့တစ်ရက်မှာစိမ်ပြေနပြေ အယ်လ်ဘမ်ကို ပြန်ဖွင့်ပြီး ထိုင်ကြည့်ရတဲ့ ခံစားချက်နဲ့တောင်ခပ်ဆင်ဆင်လို့ ပြောလို့ရတယ်။ တချို့သောကာတွန်းကားလေးတွေကဆယ်ကျော်သက်မကလို့ နှစ်ဆယ်ကျော်သွားတောင် ကြည့်ရတဲ့အရသာပြောင်းလဲမသွားတဲ့ ဘယ်တော့ပြန်ကြည့်ကြည့်အဓိပ္ပါယ်ရှိနေမယ့် ဇာတ်ကားလေးတွေလို့တောင်ပြောလို့ရပါတယ်။အန်နီမေးရှင်းအရုပ်လေးတွေကို မြင်ရင်ပဲ သဘောကျနေတတ်တဲ့ကလေးလေးတွေကနေစပြီးတော့ အသက်အရွယ်တစ်ခုရောက်သွားတဲ့အချိန်ထိတောင် ကျွန်တော်တို့ သဘောတကျနဲ့ပြန်ကြည့်မိမယ့်အယ်လ်ဘမ်လေးထဲက ဇာတ်ကားလေးတွေကိုရွေးကြည့်စမ်းပါလို့ဆိုရင် (၁၉၉၁)တုန်းက ထွက်ခဲ့တဲ့“Beauty and the Beast” ဆိုတဲ့ ဒစ်စနေးရဲ့ ဇာတ်ကားလေးကလည်းမပါမဖြစ်ပါလောက်ပါတယ်။“Beauty and the Beast”(1991)ဆိုတဲ့ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတို့ကြားက(သေချာလေး ကြည့်ကြည့်မိရင်သတိထားမိရင်) အဓိပ္ပါယ်တွေများစွာရှိတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စာဂျပိုးလေးလို့ ပြောလို့ရတဲ့ဘဲလ်ဟာ သူ့မြို့ငယ်လေးမှာတော့ လူတောမတိုးတဲ့မိန်းကလေးတစ်ယောက်လို၊ထူးဆန်းပြီးကြောင်တောင်တောင်လို့ ထင်မြင်ခံရတဲ့မိန်းကလေးတစ်ယောက်လို သတ်မှတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပေါ့။နိစ္စဓူဝငြီးငွေ့စရာ (အဲ့ဒီအချိန်တွေတုန်းက) သတ်မှတ်ထားတဲ့စံဆိုတာတွေနဲ့ မကိုက်လို့ လူဝင်မဆန့်သလိုဖြစ်နေတဲ့မိန်းမလှလေး ဘဲလ်နဲ့ လူတွေအဝေးမှာ သီးခြားပုန်းအောင်းရှင်သန်နေတဲ့ကျိန်စာသင့်သားရဲကောင်မင်းသားလေးတို့ရဲ့ ဇာတ်လမ်းလေးကိုငယ်ဘဝတုန်းက ဇာတ်ကားတွေကို ကြည့်ချင်လာလို့ပဲဖြစ်ဖြစ်၊စိတ်ပြေလက်ပျောက် အန်နီမေးရှင်းကားလေးတွေ ကြည့်ချင်လို့ပဲဖြစ်ဖြစ်ကြည့်ချင်တဲ့သူတွေအတွက် CMကနေပြီးတော့ ဟောင်းပေမယ့်လည်းကောင်းနေဆဲဖြစ်တဲ့ “Beauty and the Beast”ကို တင်ဆက်ပေးလိုက်ရပါတယ်။