အင်္ဂလန်အလယ်ခေတ်က အဲဒီလိုကျား/မခွဲခြားမှုတွေ၊ မိန်းကလေးတွေကို ရောင်းကုန်တစ်ခုလိုသဘောထားတာတွေကို ဟာသနဲ့ဒရမ်မာလေးနှောပြီး ရိုက်ကူးထားတဲ့ ခေတ်ဟောင်းနောက်ခံရုပ်ရှင်လေးတစ်ပုဒ်ပါ။ ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ သူ့မှာ အက်ဒ၀ပ်နဲ့ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာ ဘေးစကားတွေနားယောင်ရင်း သူတို့ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။ လင်ယူသားမွေးကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေးဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ဖခင်ကရိုက်နှက်ပေမဲ့ မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင်လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ် ရဖို့ဖြစ်လာပါတယ်။