ရုပ်ရှင်အဖွင့်ဟာ ရောမတို့ အုပ်စိုးစဉ်ကာလ ရောမအင်ပါယာအတွင်းမှာ ရှိတဲ့ပြည်သူတွေဟာ ဂျေရုဆလင်မြို့ကို သန်းခေါင်းစာရင်းပေးဖို့ လာကြရင်း သခင်ယေရှုခရစ်တော် မွေးဖွားတဲ့အခန်းနဲ့စဖွင့်ပါတယ်။ဘင်ဟား ( Ben Hur ) နဲ့ မာဆားလာ ( Messala ) တို့ဟာ ဂျေရုစလင်မှာ အတူတူကြီးပြင်းလာကြတဲ့ အရင်းနှီးဆုံး အချစ်ဆုံး ငယ်သူငယ်ချင်းတွေ ဆိုပေမယ့် အခုချိန်မှာတော့မာဆားလာဟာ ရောမမြို့သားအဖြစ်ခံယူပြီး ရောမစစ်တပ်ရဲ့ အရာရှိစစ်ဗိုလ်တစ်ယောက် ဖြစ်နေသလို ဘင်ဟားလည်း ဂျေရုစလင်ရဲ့ မင်းသားတစ်ပါး ဖြစ်နေပါပြီ။ဘင်ဟား နဲ့ မာဆားလာ တို့ဟာသူငယ်ချင်းတွေဖြစ်သည့်တိုင် ခံယူချက်တွေ လုံးဝမတူညီကြဘူး။ မာဆားလာဟာ ရောမတို့ရဲ့ အင်အား၊ အာဏာကြီးမားမှုကို အထင်ကြီးလေးစားသူ၊ရောမအင်ပါယာရဲ့ သစ္စာတော်ခံ မင်းမှုထမ်းတစ်ယောက်။ ဘင်ဟားကတော့ ဘုရားသခင်ကို သက်ဝင်ယုံကြည်သူ၊ ကိုယ့်ရဲ့ ဂျူးလူမျိုး ဂျေရုဆလင်မြို့သားတွေကို ကြည့်ရှုစောင့်ရှောက်တဲ့သူ။ ဒါကြောင့်သူတို့ နှစ်ယောက်ရဲ့ ခံယူချက်တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ရောမစစ်သားတွေ ဂျေရုဆလင်မြို့ကို နယ်ချဲ့ရောက်လာချိန်မှာတော့ စစ်ဗိုလ်ဖြစ်တဲ့ မာဆားလာဟာ ရောမတွေကိုဆန့်ကျင်မှုတွေရှိနေတဲ့ ဂျေရုဆလင်မြို့သားတွေကို လက်ခံလာအောင် ပြောဆိုပေးဖို့ ငယ်သူငယ်ချင်း ဘင်ဟားကို အကူအညီတောင်းပါတော့တယ်။ တကယ်လို့ ဂျူးတွေသာ ရောမအင်ပါယာအောက်အလွယ်တကူဝင်ရောက်ဖို့ လာခံလာရင် မာဆားလာဟာ ဒုတိယစစ်ဗိုလ်ချုပ်ရာထူးကို ရရှိမှာပါ။ ဒါပေမယ့် ကိုယ့်လူမျိုးတွေအပေါ် သစ္စာမဖောက်ချင်တဲ့ ဘင်ဟားဟာ မာဆားလာကို မကူညီနိုင်ခဲ့ပါဘူး။ဒါကြောင့် မာဆားလာက ဘင်ဟားအပေါ် စိတ်ကွက်သွားခဲ့ပါတယ်။ရောမဘုရင်ခံအသစ်က ဂျေရုဆလင်မြို့ကို ရောက်လာချိန်မှာ မတော်တဆတစ်ခုဖြစ်ပျက်သွားခဲ့တယ်။ ဘုရင်ခံကိုလုပ်ကြံတာပါဆိုပြီး မာဆားလာနဲ့ ရောမစစ်သားတွေဟာ ဘင်ဟာနဲ့ သူ့မိခင် သူ့ညီမတွေကို ဖမ်းသွားခဲ့ပါတယ်။ ဘင်ဟားက မာဆားလာကို ဘယ်လောက် တောင်းပန်ပြောဆိုပေမယ့်အလွတ်မပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဘင်ဟားမိခင်နဲ့ ညီမဟာ အကျဉ်းချထားခြင်းခံရပြီး ဘင်ဟားကတော့ စစ်တိုက်ဖို့ ကျွန်အဖြစ်နဲ ရေတပ်ကို ပါသွားခဲ့တယ်။ သင်္ဘောပေါ်မှာ ရေတပ်စစ်သူကြီးကွင်းတပ်အဲရိယပ်က ကျွန်ဘင်ဟားကို သူ့ရဲ့ ခိုင်မာရဲရင့်တဲ့ စိတ်ဓါတ်၊ ယုံကြည်မှုပြင်းထန်တဲ့စိတ်ဓါတ်တွေကြောင့် သတိထားမိခဲ့တယ်။ ပင်လယ်ဓါးပြတွေနဲ့ စစ်ဖြစ်ချိန်မှာ ဘင်ဟားဟာ စစ်သူကြီးအဲရိယပ်ကို အသက်ကယ်ခဲ့တယ်။ ပင်လယ်မှာ တိုက်ပွဲဖြစ်ရင်း စစ်သူကြီး အဲရိယပ်နဲ့ ဘင်ဟာ နှစ်ယောက်ဟာ အခြားစစ်သားတွေနဲ့ တကွဲစီ ကွဲသွားခဲ့တယ်။ စစ်ရှုံးပြီ အထင်နဲ့ စစ်သူကြီး အဲရိယပ်ကကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘင်ဟားကြောင့် ရှင်နေခဲ့ရတယ်။ နောက်မှ သူတို့တပ်နဲ့ ပြန်ဆုံပြီး ရောမတပ်တွေ အနိုင်ရတယ်ဆိုတာ သိရတယ်။ကျေးဇူးသိတတ်တဲ့စစ်သူကြီး အဲရိယပ်ဟာ စစ်ပွဲအောင်နိုင်ရပြီး ပြည်တော်ပြန်လာချိန်မှာ ဘင်ဟားကို သူ့မွေးစားသား အဖြစ် ချီးမြှင့်မြောက်စားခဲ့တယ်။ ဒါကြောင့် ဘင်ဟားဟာ ကျွန်အဖြစ်ကနေ လွတ်မြောက်သွားခဲ့သလိုရောမအင်ပါယာမှာ မျက်နှာပွင့်တဲ့ မင်းသားတစ်ပါး ဖြစ်လာပြန်တယ်။ဒီအချိန်မှာတော့ ဘင်ဟားဟာ တစ်ချိန်က သူချစ်ခဲ့ဖူးတဲ့ ချစ်သူ အက်စတာနဲ့ သူ့မိခင်၊ သူ့ညီတွေကို အသည်းအသန်လိုက်ရှာပါတော့တယ်။ ပြီးတော့ သူ့ကို ကျွန်ဘဝရောက်အောင် လုပ်ခဲ့တဲ့ သူ့မိသားစုအပေါ် ရက်စက်ခဲ့တဲ့ သူငယ်ချင်း မာဆားလာကို လက်စားချေဖို့လည်း ကြိုးစားပါတော့တယ်။ ဒီလိုနဲ့အကြမ်းတမ်းဆုံးဖြစ်တဲ့ မြင်းစစ်ရထားစီးပြီး ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတော့တယ်။ဇာတ်လမ်းအဆုံးသတ်မှာတော့ သခင်ယေရှု ကားတိုင်မှာ အသတ်ခံရတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ဒီရုပ်ရှင်ဟာJudah Ben Hur ကို ယေရှုမွေးဖွားချိန်မှ သေဆုံးချိန်ထိ timeline တစ်ခုတည်းမှာ ရှင်သန်နေထိုင်ခဲ့တဲ့ ဇာတ်ကောင်အဖြစ် စိတ်ကူးယဉ်ပုံဖော်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းတစ်ခုလုံးမှာ ယေရှုရဲ့အခန်းတွေ နည်းသည့်တိုင် မျက်နှာရော၊ အသံရော လုံးဝမဖော်ပြဘဲ ရိုက်ထားပါတယ်။ရုပ်ရှင်ဇာတ်အိမ်ဟာ အလွန်ပဲ ရိုးရှင်းပါတယ် ဆိုပေမယ့် ခရစ်ယာန်တစ်ယောက်ဆိုရင်တော့ဒီကားရဲ့အနှစ်သာရကို ပိုပြီး ခံစားမိစေမယ်လို့ ထင်ပါတယ်။ Evangelism အရမ်းဆန်အောင် ရိုက်ထားတာ မဟုတ်ပေမယ့် ပါးပါးလေး ထည့်ထားပါတယ်။ အထူးသဖြင့် ဒီကားမှာ လူသားပီပီ ဘင်ဟာ( Charlton Heston ) ရဲ့ ယုံကြည်ချက် အတက်အကျ အလှည့်အပြောင်းဟာ သဘာဝကျလွန်းတာကို ကြိုက်ပါတယ်။ဒီရုပ်ရှင်ကို ခရစ်ယာန် propaganda ဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံကပိတ်ပင်ခဲ့ပါတယ်။ဒီရုပ်ရှင်မှာ ကြိုက်ရတဲ့အချက်က ရိုက်ချက်တွေပါ။အဲဒီခေတ်က ကွန်ပျူတာ CGI ဆိုတာ မပေါ်သေးတော့ ပင်လယ်ပေါ်မှာ တိုက်တဲ့အခန်း၊ မြင်းလှည်းမောင်းပြီး ပြိုင်တဲ့အခန်းတွေဟာ cinematographer , director တို့ရဲ့ ပညာအစွမ်းအံ့မခန်းလက်ရာများကို မြင်တွေ့ရမှာပါ။ ( အောက်ကအချက်တွေမှာ ဆက်လက်ဖော်ပြထားပါတယ်။ )