ရုပ်ရှင်ကိုချစ်တဲ့လူ ရုပ်ရှင်ကြည့်တဲ့သူ ရုပ်ရှင်ရိုက်တဲ့လူတွေအကြောင်း ဇာတ်လမ်းတွေ ကျွန်တော် တော်တော်များများကြည့်ဖူးတယ်။ များသောအားဖြင့်တော့ ကြီးကျယ်ခမ်းနဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ပြနိုင်ခဲ့တဲ့သူတွေပါပဲ။ ခမ်းနားတဲ့အရာတစ်ခု ဖြစ်လာဖို့ ကြုံရတဲ့ အခက်အခဲတွေအကြောင်းပေါ့။ ဒီလူတွေလည်း ရုပ်ရှင်ကို ချစ်ခဲ့တဲ့သူတွေပဲပေါ့။ ဒါပေမဲ့ မအောင်မြင်ခဲ့တဲ့ အခါခါကြိုးစားရင်း အခါခါ ခွက်ထိုးခွက်လန်ရှုံးနိမ့်ခဲ့တဲ့ ဘာမှဖြစ်မလာသလောက်ဖြစ်ခဲ့တဲ့ သူတို့နည်းသူတို့ဟန်နဲ့ ရုပ်ရှင်ကို ချစ်ခဲ့ကြသူတွေလည်း မနည်းရှိသေးတယ်။ သမိုင်းရဲ့ အမေ့ပျောက်ခံတွေလည်း ဖြစ်ချင်ဖြစ်မယ်။ အက်ဒ်ဝုကတော့ လုံးဝကြီးအမေ့ပျောက်ခံဖြစ်ခဲ့တာမဟုတ်ပေမဲ့ သူရှင်နေတဲ့ ကာလတစ်လျှောက်လုံး ခွက်ထိုးခက်လန်ရှုံးနိမ့်ခဲ့တဲ့ သူတွေထဲက တစ်ယောက်ပါပဲ။ ကမ္ဘာ့အဆိုးရွားဆုံး ဒါရိုက်တာဆုကိုတောင် ရခဲ့တဲ့သူပေါ့။ သူ့အကြောင်းတွေကို Scott Alexanderနဲ့ Larry Karaszewski ပြန်လည်တူးဖော်ဇာတ်ညွှန်းရေးပြီး တင်ဘာတန်က ခံစားတင်ဆက်ပေးခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်လာတယ် ပြောရမှာပါပဲ။ အက်ဒ်ဝုအကြောင်းရုပ်ရှင်ဟာ အက်ဒ်ဝုရဲ့ရုပ်ရှင်တွေလိုပဲ ငွေရေးကြေးရေးအရ ရှုံးခဲ့ပြန်တာပါပဲ။ အက်ဝုဒ်ရဲ့ရုပ်ရှင်တွေနဲ့မတူတာကတော့ တင်ဘာတန်ရဲ့ အက်ဝုဒ်ဟာ ဇာတ်ပို့ဆုနဲ့ မိတ်ကပ်ဆုအော်စကာရခဲ့သလို ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးခြင်းကိုလည်း ခံခဲ့ရတယ်။