ဂျွန်ထရန့်ဟာ အာမခံစုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ပြီး လူတစ်ယောက် မရိုးသားတာ၊ တစ်ခုခုကိုဖုံးကွယ်ထားတာတွေကို မြင်ရုံနဲ့တန်းသိနိုင်တာကြောင့် နာမည်ကြီးပါတယ်တစ်နေ့တော့ နာမည်ကျော် ဟော်ရာစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Sutter Cane ဟာ အသစ်ထွက်မယ့်စာအုပ်လက်ရေးမူနဲ့အတူပျောက်ဆုံးသွားတဲ့အခါသူ့ကိုလိုက်ရှာဖို့ထရန့်ဆီအလုပ်လာအပ်ပါတယ်။ Sutter Cane ရဲ့စာအုပ်တွေဟာ စိတ်မခိုင်တဲ့စာဖတ်သူတွေအပေါ်ရူးသွပ်သွားစေနိုင်တဲ့အထိသက်ရောက်မှုရှိကြောင်း နာမည်ကြီးနေပြီး ဘာကိုမှအယုံအကြည်မရှိတဲ့ထရန့်ကတော့ခပ်ပေါ့ပေါပဲသဘောထားခဲ့ပါတယ်။ ဒါပေမယ့်လည်း Sutter Cane ကိုခြေရာခံရင်း သူကိုယ်တိုင် Sutter Cane ရဲ့၀တ္ထုတွေထဲက မြို့တစ်မြို့ကိုရောက်သွားတဲ့အချိန်မှာတော့ ဒါတွေဟာ တကယ်မဟုတ်ဘူးလို့ကိုယ့်ကိုယ်ကိုအတန်တန်ပြောရင်း သူကိုယ်တိုင်ပါ စိတ်ကူးယဉ်နဲ့လက်တွေ့ဘ၀ကို ခွဲခြားရခက်လာတဲ့အထိ ခြောက်ခြားစရာဖြစ်ရပ်တွေကို ရင်ဆိုင်ရပါတော့တယ်။နာမည်ကျော် ဟော်ရာဆရာကြီး John Carpenter ရဲ့လက်ရာဖြစ်ပြီး Apocalypse Trilogy သုံးကားတွဲထဲကနောက်ဆုံးဇာတ်ကားဖြစ်ပါတယ်။အဲ့ဒီခေတ်အခါအနေနဲ့လက်ရာဆန်းသစ်လွန်းတာကြောင့် ရုံတင်စဉ်က လူကြိုက်နည်းခဲ့ပေမယ့်ဗီဒီယိုအဖြစ်ဖြန့်ချိချိန်မှာ အရောင်းရဆုံးစာရင်းဝင်ခဲ့ပြီး ပရိသတ်အခိုင်အမာရခဲ့တဲ့ကားပါ။ ဇာတ်ကားထဲမှာ သုံးသွားတဲ့ ပြကွက်တွေအယူအဆတွေဟာ နောက်ပိုင်း ဟော်ရာ ဂိမ်းတွေ၊ ရုပ်ရှင်တွေမှာ ပြန်အတုခိုးကြတဲ့အထိ ဩဇာလွှမ်းမိုးမှုရှိခဲ့ပါတယ်။