ဇာတ်လမ်းက Linda (Rachel McAdams) ဆိုတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့သူဌေး Bradley (Dylan O'Brien) တို့အကြောင်းပါ။ Linda က ကုမ္ပဏီမှာ အလုပ်အရမ်းကြိုးစားပေမဲ့ လူရာမသွင်းခံရတဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Bradley ကတော့ အဖေ့ကျေးဇူးနဲ့ CEO ဖြစ်လာတဲ့ ဘဝင်မြင့် ငတုံး သူဌေးပေါ့။ Bradleyက Linda ကို ရာထူးတိုးပေးမယ်ဆိုပြီး ကတိပေးထားပေမဲ့ တကယ်တမ်းကျတော့ သူ့သူငယ်ချင်းကိုပဲ ရာထူးပေးလိုက်ပါတယ်။တစ်ရက်မှာ သူတို့နှစ်ယောက် ထိုင်းနိုင်ငံကို အလုပ်ကိစ္စနဲ့သွားရင်း လေယာဉ်ပျက်ကျသွားပါတယ်။ အဲဒီမှာ ထူးဆန်းတာက တစ်လေယာဉ်လုံးမှာ သူတို့နှစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ပြီးလူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ် ရောက်သွားတာပါပဲ။ အပြင်လောကမှာ Bradley က သူဌေးဖြစ်ပေမဲ့ ဒီကျွန်းပေါ်မှာတော့ ရှင်သန်ရေးစွမ်းရည် (Survival skills) တွေ အပြည့်ရှိနေတဲ့ Lindaက ဆရာကြီးဖြစ်လာပါတော့တယ်။ခြေထောက်ဒဏ်ရာရနေတဲ့ Bradley တစ်ယောက် အသက်ရှင်ဖို့အတွက် Linda ကိုပဲ အားကိုးလာရပါတယ်။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ကြားက အာဏာပြိုင်ဆိုင်မှုတွေ၊လက်စားချေမှုတွေ စတင်လာပါတော့တယ်။ ဇာတ်လမ်းက ကြည့်ရင်းကြည့်ရင်းနဲ့ Linda ကိုယ်တိုင်ကလည်း တဖြည်းဖြည်းနဲ့ ကြောက်စရာကောင်းတဲ့လူသတ်ကောင် တစ်ယောက်လို ပြောင်းလဲလာတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။Rachel McAdams ရဲ့ သရုပ်ဆောင်ကွက်တွေက တော်တော်လေးမိုက်ပါတယ်။ အစပိုင်းမှာ သနားစရာ ဝန်ထမ်းပုံစံကနေ နောက်ပိုင်းမှာ အရူးတစ်ယောက်လို သရုပ်ဆောင်သွားတာ တကယ့်ကို အသက်ပါပါတယ်။ Dylan O'Brien ကလည်း မုန်းစရာကောင်းတဲ့ သူဌေးနေရာကနေ ပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။Evil Dead, Drag Me to Hell တို့လို ကားတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Sam Raimi ရဲ့ လက်ရာဖြစ်လို့ ကြောက်စရာကောင်းတဲ့ အခန်းတွေ၊ ရွံစရာကောင်းတဲ့ သွေးထွက်သံယို အခန်းတွေ(Gore scenes) ကို အပြည့်အဝ ခံစားရမှာပါ။ဇာတ်အိမ်အလှည့်အပြောင်းကလည်း ကိုယ်ထင်ထားတဲ့ လမ်းကြောင်းအတိုင်း မသွားဘဲ အမြဲတမ်း အလှည့်အပြောင်းတွေနဲ့ အံ့သြစရာတွေ ပြည့်နေတဲ့ ကားမျိုးပါ။ဒီကားက Survival ဇာတ်လမ်းတွေကိုမှ နည်းနည်းကြမ်းကြမ်းရမ်းရမ်းနဲ့ ရယ်လည်းရယ်ရတဲ့ Dark Comedy ပုံစံမျိုး ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ရုံးလုပ်ငန်းခွင်က ဖိနှိပ်မှုတွေကိုကျွန်းပေါ်မှာ ပြန်ပြီး ကလဲ့စားချေတဲ့ ဇာတ်လမ်းမျိုးဆိုတော့ ကြည့်ရတာ တော်တော်လေး အရသာတွေ့စေမယ့် ကားတစ်ကား ဖြစ်ပါတယ်။