ဖရန့်ကတ်စတယ်ဟာ သာမန်အေးအေးဆေးဆေးနေခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ခဲ့ပြီး တစ်ရက်တော့ သူတို့မိသားစုဟာ မာဖီးယားဂိုဏ်းသားတွေရဲ့ လူသတ်မှုကိုမတော်တဆမျက်မြင်တွေ့ခဲ့ရပါတယ်။သက်သေဖျောက်ချင်တဲ့ မာဖီးယားတွေဟာ ဖရန့်ရဲ့ မိသားစုတစ်ခုလုံးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြပေမယ့်တရားဥပဒေက ထိထိရောက်ရောက်အပြစ်မပေးနိုင်တဲ့ အချိန်မှာတော့ဖရန့်ခ်တစ်ယောက်ဟာ ဥပဒေပြင်ပကရာဇဝတ်ကောင်မှန်သမျှကို လိုက်လံနှိမ်နင်းမယ့် "The Punisher" အဖြစ်သူ့ဘ၀ကိုပြောင်းလဲလိုက်ပါတော့တယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်တွေအပြီး ငါးနှစ်အကြာ မာဖီးယားဂိုဏ်းချုပ် ဘီလီရိုဆော့တီရဲ့ပါတီကို ဝင်စီးပြီး ဂိုဏ်းသားတွေကိုအပြတ်ရှင်းခဲ့တဲ့ဖြစ်စဉ်နဲ့စတင်ထားပါတယ်။ စီးနင်းမှုအတွင်းဘီလီကဖန်ကြိတ်စက်ထဲပြုတ်ကျပြီး မျက်နှာတစ်ခုလုံးစုတ်ပြတ်သွားပေမယ့် အသက်ရှင်လွတ်မြောက်သွားခဲ့ပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်မှာတော့ သူ့ကိုယ်သူ "Jigsaw" (ဂျစ်ဆော)လို့ အမည်ပြောင်းလိုက်ပြီး Punisher ကို ကလဲ့စားချေဖို့ ကြံစည်ပါတော့တယ်။Marvel ကားတွေထဲမှာမှ Rated-R အဆင့်ရှိ သွေးထွက်သံယိုအက်ရှင်ကားစစ်စစ်ဖြစ်ပါတယ်။ တစ်ခြားစူပါဟီးရိုးတွေလို တရားခံကို ဖမ်းပြီးရဲလက်အပ်တာမျိုးမဟုတ်ပဲ "မျက်လုံးအတွက်မျက်လုံး၊ သွားအတွက် သွား"ဆိုသလိုရာဇဝတ်ကောင်တွေကို ညှာတာမှုမရှိပဲ အပြတ်ရှင်းတတ်တဲ့ Punisher ရဲ့စရိုက်ကိုအကြမ်းဆုံးပုံဖော်ထားတာဖြစ်တဲ့အတွက်အားပါးတရကြည့်ရမယ့်ကားပါ။၂၀၀၄ တုန်းကထွက်ခဲ့တဲ့ Thomas Jane ရဲ့ The Punisher အပြီးမှာ ဇာတ်လမ်းကိုအသစ်ကနေပြန်စထားတာဖြစ်ပါတယ်။ လက်ရှိခေတ် MCU နဲ့မသက်ဆိုင်သလိုနက်ဖလစ်စီးရီးစ်နဲ့လည်းမသက်ဆိုင်တဲ့ Standalone ကားစစ်စစ်ဖြစ်ပြီး ဘယ်ကားကိုမှ မကြည့်ရသေးလည်းကြည့်လို့ရတဲ့ကားပါ။