ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် တောရန့်စ် (Terrance / TJ) ဟာ စစ်တပ်က အထူးတပ်ဖွဲ့ဝင် (Black Ops Soldier) တစ်ယောက်ပါ။ သူက သူ့ရဲ့အနာဂတ်နဲ့ သူ့ရဲ့စေ့စပ်ထားသူ မိန်းကလေးအဲလစ် (Alice) တို့ ဘဝအဆင်ပြေဖို့အတွက် စစ်တပ်ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ လူသားအရည်အသွေးမြှင့် စမ်းသပ်ချက်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။အဲဒီနောက် သူ့ရဲ့ချစ်သူ အဲလစ်၊ သူ့ရဲ့သူငယ်ချင်းအရင်းကြီး ခရစ် (Chris) တို့နဲ့အတူ စိတ်အပန်းဖြေဖို့ ရေကန်ဘေးက အိမ်လေးတစ်အိမ်ကို သူငယ်ချင်းတစ်စုနဲ့ ပျော်ပွဲစားခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ကိုယ်ခန္ဓာထဲက မှော်ဆေးရည်တွေ ငြိမ်နေဖို့အတွက် ဆရာဝန်ပေးထားတဲ့ တည်ငြိမ်ဆေးတွေကို ဆက်မသောက်ဘဲ ဖြတ်လိုက်တဲ့အပြင်၊ မသောက်ဖို့တားမြစ်ထားတဲ့ အရက်တွေကိုပါ မသိဘဲ သောက်မိလိုက်တဲ့အခါမှာတော့ ပြဿနာကြီး စပါတော့တယ်။ ဆေးရည်တွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် စိတ်ရူးပေါက်ပြီး လူသားဆန်မှုပျောက်ဆုံးကာ သားရဲတိရစ္ဆာန်တစ်ကောင်လို ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါကြီးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါတော့တယ်။အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတစ်စုဟာ သူတို့သိတဲ့တောရန့်စ်မဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ သားရဲကြီးနဲ့ တစ်အိမ်ထဲ ပိတ်မိပြီး အသက်လုပြေးရမယ့် အခြေအနေဆိုက်သွားပါတယ်။ အခြေအနေတွေ ဒီလောက်နဲ့ မပြီးသေးပါဘူး။ ဒီလျှို့ဝှက်စမ်းသပ်ချက်ကို ဦးဆောင်တဲ့ ဒေါက်တာ ဂျိန်း (Dr. Jane) ဟာ သူ့ရဲ့ တရားမဝင် စမ်းသပ်မှုတွေ ပေါက်ကြားသွားမှာကြောက်တဲ့အတွက် သက်သေအထောက်အထား အကုန်ဖျက်ဆီးဖို့နဲ့ အခန်းထဲက လူတွေအကုန်လုံးကို သတ်ပစ်ဖို့ ဆိုင်ဘော့ဂ်လူသတ်သမားတစ်ယောက်ကိုပါ စေလွှတ်လိုက်တဲ့အခါမှာတော့... တောရန့်စ်တစ်ယောက် မိမိကိုယ်ကို ထိန်းချုပ်ရင်းနဲ့ ချစ်ရသူတွေကို ကယ်တင်ဖို့ ဘယ်လိုမျိုး သွေးချောင်းစီး တိုက်ပွဲဝင်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဒီကားက low-budget indie ကားဖြစ်ပေမယ့် သရုပ်ဆောင်တွေရဲ့ Chemistry မိတာရယ်၊ ဇာတ်ရှိန်ကို တဖြည်းဖြည်းချင်း တက်အောင် ဇာတ်ကွက်ဆင်ထားတာရယ်ကြောင့် ကြည့်ရတာတန်တဲ့ကားပါ။ သားရဲကောင်လို ပြောင်းလဲသွားတဲ့ အခန်းတွေနဲ့ အက်ရှင်အခန်းတွေက သွေးထွက်သံယို အသားပေးထားတာမို့ Horror ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ကားလေးဖြစ်ပါတယ်။လူခန္ဓာကိုယ်ကြီး ရက်ရက်စက်စက် ပြောင်းလဲသွားတဲ့ အခန်းတွေ ၊ သားရဲကောင်လို လိုက်လံကိုက်ခဲ သတ်ဖြတ်တဲ့ သွေးထွက်သံယိုအခန်းတွေ ၊ ဆိုင်ဘော့ဂ်လူသတ်သမားရဲ့သေနတ်ပစ်ခတ်မှု အက်ရှင်အကြမ်းဖက်မှုတွေနဲ့ ဆေးဝါး/အရက် သုံးစွဲမှု နောက်ဆက်တွဲ ဆိုးကျိုးတွေကို အသားပေးထားတာကြောင့် ကလေးငယ်တွေနဲ့ စိတ်နုသူတွေ ကြည့်ရှုဖို့မသင့်တော်ပါဘူး။