Rent-a-Cat FHD

Rent-a-Cat

Comedy Drama FHD 2012-05-12 7.2 110 Min

ဒီဂျပန်ဇာတ်ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကြောင်ချစ်သူတွေနဲ့ အထီးကျန်နေတဲ့သူတွေကို Wholesome Healing ဖြစ်စေမယ့် Comedy-Drama ဇာတ်ကားလေးဖြစ်ပါတယ်။ နာမည်ကျော် Kamome Diner နှင့် Glasses တို့ရဲ့ဖန်တီးရှင် ဒါရိုက်တာ Naoko Ogigami က ဖန်တီးထားပြီး Mikako Ichikawa ၊ Reiko Kusamura နဲ့ Ken Mitsuishi တို့အဓိကပါဝင်ထားပါတယ်။ ဒီဇာတ်ကားလေးဟာ ဂျပန်နိုင်ငံရဲ့ ပူပြင်ခြောက်သွေ့တဲ့ နွေရာသီကာလ မြစ်ကမ်းဘေးက ဂျပန်ရိုးရာ အိမ်ကလေးထဲမှာ ကြောင်ကလေးတွေအများကြီးနဲ့ မိန်းကလေး တစ်ယောက်ကိုနောက်ခံပြုရိုက်ကူးတင်ဆက်ထားပါတယ်။မိန်းကလေးဟာ မိသားစုမှာ အဘွားဆုံးပါးသွားပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့သူဖြစ်ပါတယ်။ သူ့အဘွားရှိစဉ်ကလိုပဲ သူ့ဆီ ရောက်လာတဲ့ ကြောင်လေးတွေကို ကိုယ်တိုင် ထိန်းကျောင်းပြုစုရင်း အထီးကျန်နေတာကို ဖြေဖျောက်နေသလို သူ့လို ဘဝတူ အထီးကျန်နေသူတွေကိုကြောင်လေးတွေရဲ့ နွေးထွေးစေတဲ့ လှုပ်ရှားမှုလေးတွေ အပြုအမူလေးတွေနဲ့ ဖြည့်ဆည်းကုစားပေးချင်သူဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးဟာ ကြောင်လေးတွေကို လှည်းထဲမှာ ထည့်တွန်းရင်း "ကြောင် ငှားပေးပါတယ်...အထီးကျန်နေသလား...ကြောင်လေး ငှားပေးပါတယ်"လို့ အော်လံလေးနဲ့လိုက်အော်နေခဲ့ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ လုပ်ရပ်အတွက် တချို့တွေလည်း သူ့ကို အထူးတဆန်း ဝိုင်းကြည့်ကြသလို စိတ်မနှံ့ဘူးလို့ ထင်နေသူလည်း ရှိနေပါတယ်။ သူ့ဆီကနေ ကြောင်လေးကို ငှားတဲ့သူတွေဟာ အိမ်မှာ တစ်ယောက်တည်း အထီးကျန်နေတဲ့ အဘွားအို၊ တစ်နယ်တစ်ကျေးမှာ မိသားစုနဲ့ခွဲပြီး အလုပ်လာလုပ်နေတဲ့သူတွေ ဖြစ်ကြပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ သူ့ကြောင်လေးတွေကို စိတ်ချရတဲ့ အိမ်ရှင်ဆီ ငှားပေးကာ အိမ်ရှင်တွေရဲ့ အထီးကျန်ပြီး လစ်ဟာနေတဲ့ စိတ်ရဲ့ကွက်လပ်လေးကို ကြောင်လေးကို မွေးမြူရင်းဖြည့်ဆည်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ စိတ်ညစ်ညူးစရာများပြားနေတဲ့ တစ်နေ့တာအချိန်ဇယားတွေကို ခွာချပြီး စိတ်အပန်း‌ပြေချင်သူ အေးအေးချမ်းချမ်းနဲ့ ကြည့်ရှုစီးမျောချင်သူတွေရဲ့ စိတ်နှလုံးကိုအနုပညာရသတွေနဲ့ နွေးထွေးစေမှာသေချာပါတယ်။