လူမှုရေးမညီမျှမှုတွေနဲ့ပတ်သက်နေတဲ့ ပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ? ဒါဟာ ဒါရိုက်တာ Wissam Charaf က သူ့ရဲ့ဒုတိယမြောက်လက်ရာဖြစ်တဲ့ Dirty Difficult Dangerousထဲမှာ မေးခွန်းထုတ်ထားတဲ့အချက် ဖြစ်ပါတယ်။ သူဟာ ပုံမှန်အားဖြင့် လူရာသွင်းမခံရတဲ့၊ သူတို့အကြောင်းကိုထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေခံလူတန်းစားတွေအပေါ်ထားရှိတဲ့ စာနာစိတ်အပြည့်နဲ့ဇာတ်အိမ်ကိုတည်ဆောက်ထားပါတယ်။ဇာတ်လမ်းက လက်ဘနွန်နိုင်ငံရဲ့မြို့ပြဆင်ခြေဖုံးရပ်ကွက်ကိုနောက်ခံထားပြီး တိုင်းပြည်ကိုရောက်လာကြတဲ့ဆီးရီးယား စစ်ဘေးရှောင်အမျိုးသားတစ်ဦးနဲ့အီသီယိုးပီးယားရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးတို့ရဲ့အချစ်ဇာတ်လမ်းကိုပုံဖော်ထားတာပါ။ ပတ်ဝန်းကျင်က သူတို့ရဲ့ဖြစ်တည်မှုကိုအသိအမှတ်မပြုပဲခွဲခြားဆက်ဆံနေတဲ့ကြားက အခက်အခဲအတားအဆီးပေါင်းစုံကိုရုန်းကန်ရင်ဆိုင်ရင်း ချစ်ခြင်းမေတ္တာရဲ့ပန်းတိုင်ကိုရှာဖွေပုံကို ရှုမြင်ရမှာဖြစ်ပါတယ်။အခြေခံလူတန်းစားတွေရဲ့ဘ၀ကိုပြင်းထန်ကြမ်းတမ်းတဲ့ပုံစံနဲ့မပြပဲ ခပ်အေးအေးနဲ့နူးညံ့တဲ့ ရိုက်ချက်တွေကတစ်ဆင့်ပုံဖော်သွားပါတယ်။ ဒါပေမယ့်လည်း Dirty Difficult Dangerousဟာထင်သလောက်ပျော့ပျောင်းမနေပါဘူး။ အေးချမ်းတည်ငြိမ်တဲ့ အပေါ်ယံမျက်နှာပြင်အောက်မှာ မိမိတို့ရဲ့ဖြစ်တည်မှုကို ပတ်ဝန်းကျင်က အနှောင့်အယှက်တစ်ခုလိုမြင်နေတဲ့ အဖြစ်ဟာတိုင်းတစ်ပါးမှာ သူစိမ်းအဖြစ်ရောက်ရှိနေကြသူတွေရဲ့ဘ၀အတွေ့အကြုံတွေပါပဲ။အစပိုင်းမှာ နူးညံ့တဲ့ အချစ်ဇာတ်လမ်းအဖြစ်စတင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လူမှုရေးနဲ့ယဉ်ကျေးမှုမညီမျှမှုတွေကြောင့်ရူးသွပ်ပေါက်ကွဲလုနီးပါး ကမ္ဘာကြီးထဲက တစ်သီးပုဂ္ဂလဘ၀တွေကိုခရီးသွားဟန်လွှဲတို့ထိပြသွားတာလည်း ချီးကျူးစရာပါပဲ။ Venice ရုပ်ရှင်ပွဲတော်တွင် Europa Cinemas Label ဆုဆွတ်ခူးထားတဲ့ အနုပညာလက်ရာမြောက်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။