ချန်ဒူးမြို့ကနေ ရှန်ဟိုင်းမြို့ကြီးကို အိပ်မက်ကိုယ်စီနဲ့ ပြောင်းရွှေ့လာကြတဲ့ ငယ်သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ လျူကျင်း၊ ဖန်ရှင်း နဲ့ ရှမန် တို့ရဲ့ ဘဝဖြတ်သန်းမှုတွေကို အဓိကထားရိုက်ကူးထားတာပါ။ မြို့ကြီးပြကြီးမှာ ရှင်သန်ရတဲ့ သူတို့သုံးယောက်ရဲ့ ဘဝတွေဟာ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။လျူကျင်းကတော့ စားသောက်ဆိုင်ဖွင့်ထားပေမဲ့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသလို၊ ချစ်သူကလည်း ဖောက်ပြန်နေတာကို မိသွားတဲ့အတွက် အချစ်ရေးမှာပါ ကံဆိုးနေသူပါ။ ဖန်ရှင်းကတော့ ရုပ်ရည်ချောမောလှပပေမဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားပြီး ကိုယ်ဝန်ကြီးနဲ့ ဖက်ရှင်လောကမှာ ရုန်းကန်နေရသူလေးပါ။ ရှမန်ကတော့ အလုပ်မှာ အရမ်းတော်ပြီး ထက်မြက်လွန်းတဲ့အတွက် ချစ်သူကောင်လေးကိုတောင် သိမ်ငယ်စေတဲ့အထိ ဖြစ်နေတဲ့ လုပ်ငန်းခွင်က အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးပါ။ဒီလို ကွဲပြားခြားနားတဲ့ ဘဝအခြေအနေတွေ၊ အချစ်ရေး အရှုပ်အထွေးတွေနဲ့ လုပ်ငန်းခွင်က ဖိအားတွေကို သူတို့သုံးယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ပြဿနာတွေကြားထဲမှာ ယိမ်းယိုင်မသွားဘဲ သူငယ်ချင်း သုံးယောက်ရဲ့ ဖေးမကူညီမှုတွေနဲ့ ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုရမှာပါ။ဒီဇာတ်ကားလေးဟာ မိန်းကလေးတွေရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို သဘာဝကျကျနဲ့ ပေါ့ပေါ့ပါးပါး ရိုက်ကူးပြထားတာမို့ ကြည့်နေရင်းနဲ့ ကိုယ်တိုင်ပဲသူတို့နေရာမှာ ရောက်သွားသလို ခံစားရစေမှာပါ။ ရယ်မောစရာ ဟာသလေးတွေ၊ ရင်ခုန်စရာ အချစ်ရေးတွေအပြင် သူငယ်ချင်းတွေကြားက နွေးထွေးတဲ့ မေတ္တာတရားကိုပါ အပြည့်အဝ ခံစားရမယ့် Feel-good ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။