ဒီကားလေးကတော့ အီသန် နစ်ကိုးလ်စ် (Ethan Nichols) ဆိုတဲ့ လူငယ်လေး သူ့အဖေ ဆုံးပါးသွားပြီးတဲ့နောက် နိုင်ငံမှာ အကြီးဆုံး ဖန်လုံအိမ် (greenhouse) စိုက်ခင်းကြီးတစ်ခုကို အမွေဆက်ခံရတာကနေ စထားတာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကမ္ဘာကြီးကလည်း ဝင်တိုက်တော့မယ့် ဂြိုဟ်သိမ်ဂြိုဟ်မွှား (asteroid) ကြီးတစ်ခုရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အချိန် ဖြစ်နေတယ်။ကမ္ဘာပျက်မယ့်အရေးကြောင့် လူ့အဖွဲ့အစည်းကြီး ပရမ်းပတာ ဖြစ်လာတဲ့အခါမှာတော့ အီသန်တစ်ယောက် လူတွေရဲ့ သစ္စာဖောက်ခံရတာတွေ၊ ပြင်းထန်တဲ့ အထီးကျန်ဆန်မှုတွေအပြင် အသက်ရှင်သန်ဖို့အတွက် လူစိတ်ပျောက်သွားရတော့မလားဆိုတဲ့ ကြောက်ရွံ့မှုတွေကိုပါ ရင်ဆိုင်လာရတယ်။ နောက်ဆုံးတော့ သူ့မိသားစုပိုင်တဲ့ မြေအောက်ခိုလှုံရာစခန်း (bunker) ထဲမှာ ပုန်းအောင်းနေရင်း ဂြိုဟ်ကြီးဝင်တိုက်ပြီးနောက်ပိုင်း ဆိုးရွားကြမ်းတမ်းတဲ့ အကျိုးဆက်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ရတာပေါ့။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအပြင် စိတ်ပိုင်းဆိုင်ရာ မျှော်လင့်ချက်မဲ့မှုတွေနဲ့ပါ နပန်းလုံးနေရတယ်။ ဒီလိုနဲ့ အရာအားလုံး ပြီးဆုံးသွားပြီလို့ ထင်နေချိန်မှာ သူ့ရဲ့ ရေဒီယိုလေးဆီကနေ တိုးတိုးလေး ထွက်လာတဲ့ အသံတစ်ခုကို ကြားလိုက်ရတဲ့အခါ... သူထင်ထားသလို သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာ သိလိုက်ရပြီး ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားစရာ ကြည့်ရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။