ဒီဇာတ်ကားဟာ Cinema Paradiso ဒါမှမဟုတ် Dead Poets Society လိုမျိုး ဆရာနဲ့တပည့်၊ ကလေးဘဝ အမှတ်တရကားကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ အော်စကာဆုရ ဒါရိုက်တာ Jan Svěrák ရဲ့ ပထမဆုံးလက်ရာပါ..၁၉၄၅-၁၉၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီး ပရာ့ဂ်မြို့ (Prague) ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုကို နောက်ခံထားပါတယ်။ အဲဒီက ယောက်ျားလေးသီးသန့် မူလတန်းကျောင်းက အတန်းတစ်တန်းဟာ အရမ်းဆိုးလွန်းလို့ သူတို့ရဲ့ အမျိုးသမီးဆရာမလေးဟာ စိတ်ဓာတ်ကျပြီး ထွက်သွားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူမရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာကတော့ စစ်ဝတ်စုံအမြဲဝတ်ထားတဲ့ Igor Hnízdo (Jan Tříska) ဆိုတဲ့ ဆရာအသစ်တစ်ယောက်ပါ။ သူက စည်းကမ်းအရမ်းကြီးပြီး ပြတ်သားသူဖြစ်သလို၊ တစ်ဖက်မှာလည်း သူဟာစစ်ပွဲအတွင်းက သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတဲ့ ပုံပြင်တွေနဲ့ ကျောင်းသားလေးတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကို ၁၀ နှစ်သားအရွယ် ကျောင်းသားလေး Eda ရဲ့ အမြင်ကနေတင်ဆက်ထားတာဖြစ်ပြီး... ကလေးဘဝရဲ့ ရိုးသားမှု၊ ဆရာနဲ့တပည့်ကြားက သံယောဇဉ်၊ ပြီးတော့ ကိုယ့်ရဲ့စံပြပုဂ္ဂိုလ် တစ်ယောက်ရဲ့ လူသားဆန်တဲ့ အမှားအယွင်းတွေကို ဘယ်လိုနားလည်လက်ခံသွားသလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ