ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာ ရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က(-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန်ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံးစွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန်ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာသွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ်ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်း နည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အသီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီးခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါးလေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။