ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ… ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ… အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။