ဇာတ်လမ်းဟာ တော်ဝင်မိသားစုအတွက် တစ်သက်လုံး အပျိုစင်ဘဝနဲ့ အသက်ဆက်သရမယ်လို့ သစ္စာဆိုထားရတဲ့ နန်းတွင်းအပျိုတော်တွေအကြောင်းကို အဓိကထားထားပါတယ်။ တစ်နေ့မှာတော့ ကိုယ်လုပ်တော် ဟီဘင်းရဲ့ အယုံကြည်ရဆုံး အပျိုတော်ဖြစ်တဲ့ ဝေါယောင်းဟာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ အထက်လူကြီးတွေက ဒီအမှုကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ် သတ်မှတ်ပြီး အမြန်ဆုံး အဆုံးသတ်ပစ်ချင်နေကြပါတယ်။ ဒါပေမဲ့ နန်းတွင်းသမားတော်မလေး ချွန်းယောင်းက အလောင်းကို စစ်ဆေးကြည့်တဲ့အခါ ဝေါယောင်းဟာ ကြိုးဆွဲချသေဆုံးတာမဟုတ်ဘဲ အသတ်ခံရတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဒါ့အပြင် သေဆုံးသူ ဝေါယောင်းဟာ အရင်က ကလေးမွေးဖွားခဲ့ဖူးတဲ့ လက္ခဏာတွေရှိနေတာကိုပါ ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ပါတယ်။ ဒါဟာ နန်းတွင်းဥပဒေအရ ခေါင်းဖြတ်ကွပ်မျက်ခံရနိုင်တဲ့အထိ ကြီးလေးတဲ့ ပြစ်မှုကြီးတစ်ခုပါ။ ဒီအမှုရဲ့နောက်ကွယ်မှာ မယ်တော်ကြီးနဲ့ ကိုယ်လုပ်တော် ဟီဘင်းတို့ကြားက နန်းမွေခံ အာဏာလုပွဲတွေ၊ မိန်းမအချင်းချင်းကြားက ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်မှုတွေ ရှိနေတာကို သမားတော်မလေး ချွန်းယောင်းတစ်ယောက် အသက်အန္တရာယ်ကြားကနေ ဖော်ထုတ်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီကားဟာ ဇာတ်ကွက်လှည့်စားမှုတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပြီး နန်းတွင်းကားကိုမှ မှုခင်း၊ စုံထောက်၊ သည်းထိတ်ရင်ဖို (Mystery / Psychological Thriller) ပုံစံမျိုး ကြည့်ချင်သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။