'Saccharine' ရုပ်ရှင်ဟာ လူတွေရဲ့ စိတ်အောက်ခြေက အလှအပအပေါ် စွဲလမ်းမှုတွေကို မီးမောင်းထိုးပြထားတဲ့ Body Horror ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ နာတလီ အဲရီကာ ဂျိမ်းစ် ရိုက်ကူးထားပြီး သရုပ်ဆောင် မီဒိုရီ ဖရန်စစ်က အဓိကဇာတ်ကောင် ဆေးကျောင်းသူ ဟာနာ အဖြစ် ပါဝင်ထားပါတယ်။ ဟာနာဟာ သူရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး အမြဲတမ်း စိတ်ဖိစီးနေတဲ့သူ တစ်ယောက်ပါ။ လူတွေရဲ့ အာရုံစိုက်မှုကို ရချင်တဲ့စိတ်နဲ့ ပိန်ချင်လွန်းတဲ့အခါ သူဟာ သာမန်မဟုတ်တဲ့ ထူးဆန်းတဲ့ ဝိတ်ကျနည်းတစ်မျိုးကို စမ်းသောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝိတ်ကျချင်တဲ့ စိတ်ဆန္ဒကြောင့် လူသေအလောင်းတွေရဲ့ ပြာကို စားသုံးရတဲ့အထိ ရူးသွပ်သွားတဲ့ လူ့သဘာဝကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်အလေးချိန် ကျဆင်းလာတာနဲ့အမျှ သူ ပေးဆပ်လိုက်ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ သိပ္ပံပညာနဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ကြားက ရုန်းကန်ရမှုတွေကို ကြည့်ရှုရမှာပါ ။ 'The Substance' လို ဇာတ်ကားမျိုးတွေကို သဘောကျတယ်ဆိုရင်တော့ ဒီကားရဲ့ ဆန်းသစ်တဲ့ တင်ဆက်ပုံကိုလည်း သေချာပေါက် ကြိုက်နှစ်သက်မှာပါ။ ဇာတ်ဝင်ခန်းတွေရဲ့ အပြင်အဆင်နဲ့ ဇာတ်ကောင်တွေရဲ့ ပီပြင်မှုကြောင့် ရုပ်ရှင်ကြည့်နေရင်း ကိုယ်တိုင်တောင် မွန်းကျပ်လာသလို ခံစားရစေမှာ အသေအချာပါပဲ။ အထူးသဖြင့် မီဒိုရီ ဖရန်စစ် ရဲ့ သရုပ်ဆောင်ချက်တွေက ဟာနာ ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ပိန်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မှောင်မိုက်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းသွားတဲ့ ဟာနာ တစ်ယောက် ဘယ်လို ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်တာကြောင့် Horror နဲ့ Drama အရသာကို ပေါင်းစပ်ခံစားချင်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်။