ရည်းစားက နှင်ချလိုက်လို့ အိမ်ပေါ်က ဆင်းလာရတဲ့ စတီဗင် တစ်ယောက် အိမ်အသစ်မှာနေပြီး သူတို့ခေတ်က တစ်ခုတည်းသော ဖျော်ဖြေရေးကြီးဖြစ်တဲ့ တီဗီလိုင်းတွေကို ဆင်ဖို့ ကေဘယ်သမားခေါ်ရတာပေါ့။ သဘောကောင်းတဲ့ စတီဗင်က ကေဘယ်သမားကို ပိုက်ဆံပေးပြီးခိုင်းရတဲ့ အလုပ်သမားလို သဘောမထားဘဲ တူတူတန်တန်ဆက်ဆံတော့ အမြဲတမ်း မတူမတန် ဆက်ဆံခံနေရပြီး စွန့်ပစ်ခံထားရမှာကိုကြောက်တဲ့ ကေဘယ်သမားက စတီဗင်ကို အရမ်းခင်သွားပြီး အတင်းလိုက်ကပ်ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ။ The Cable Guy (1996) ဟာ Comedy, Satire ဆိုတဲ့အတိုင်း ရယ်စရာတွေ ပေါချင်းသောချင်းပါသလို တွေးစရာတွေလည်း အများကြီးပေးမယ့် ဇာတ်ကားပါ။ Cast တွေဆိုတာကလည်း ဟာသအကျော်အမော်တွေဖြစ်တဲ့ Jim Carrey, Ben Stiller, Matthew Broderick, Jack Black နဲ့ Owen Wilson တို့တင်မဟုတ်ဘဲ အခြား နာမည်ကျော် သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ပါသေးတယ်။ မင်းသမီးက အသက်ကြီးတဲ့ထိတောင် မပျက်စီးသေးတဲ့ Leslie Mann ဆိုတော့ သူ့ရဲ့ ငယ်ဘဝက အလှကိုလည်း ခံစားလို့ရနိုင်ပါတယ်။ ဒါရိုက်တာကလည်း အားလုံးနဲ့ ရင်းနှီးပြီးသား Ben Stiller ဆိုတော့ ရယ်ချင်တဲ့သူတိုင်းအတွက် ကွက်တိပဲပေါ့ဗျာ။