ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ ဆွီဒင် ခရစ္စမတ် အချစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Mathilda က နယ်မြို့လေးတစ်မြို့မှာ မိဘတွေရဲ့ ဆိုင်လေးကို ကူရောင်းရင်း ၁၄ နှစ်ကြာ တွဲလာတဲ့ ရည်းစားနဲ့ အေးအေးဆေးဆေး နေထိုင်ရတာကို ငြီးငွေ့နေသူပါ။ သူ့ညီမ Freddie ကတော့ စတော့ဟုမ်းမြို့ကြီးမှာ အလုပ်ဖိအားတွေအရမ်းများပြီး ညဘက်ဆိုလည်း ပါတီတွေတက်ရင်း ဘဝကို အရှိန်အဟုန်ပြင်းပြင်း ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ တစ်နေ့တော့ Freddie တစ်ယောက် အလုပ်ဖိအားတွေကြောင့် စိတ်ရောလူပါ ပင်ပန်းပြီး ညီအစ်မနှစ်ယောက် တိုင်ပင်ပြီး ခရစ္စမတ်အထိ နေရာချင်း လဲနေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Mathilda က မြို့ကြီးပေါ်တက်ပြီး ကုန်တိုက်ကြီးတစ်ခုမှာ ပန်းအလှဆင်တဲ့ အလုပ်လေးလုပ်ရင်း အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ တစ်ဖက်မှာလည်း Freddie က မွေးရပ်မြေလေးကို ပြန်ရောက်လာပြီး သူရှောင်ပြေးခဲ့ဖူးတဲ့ မိသားစုကိစ္စတွေအပြင် အချစ်ဟောင်းဖြစ်သူ Emma နဲ့ပါ ပြန်ဆုံတွေ့ရင်း ရှုပ်ထွေးမှုလေးတွေ ကြုံလာရပါတော့တယ်။ ဒီလိုနဲ့ သူတို့ညီအစ်မနှစ်ယောက်လုံး ကိုယ်လိုချင်ခဲ့တဲ့ ဘဝအသစ်တွေထဲမှာ တကယ်ပဲ ပျော်ရွှင်မှုကို ရှာတွေ့သွားမလားဆိုတာကိုတော့ ခရစ္စမတ်အငွေ့အသက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ပါဦးနော်။