ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့်ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်း နေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကိုဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကိုသုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီးမွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက်ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရအစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာစိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရောသူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရောအပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။