Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာအနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကိုဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ အမွေပစ္စည်းတွေကို စီမံခန့်ခွဲကြဖို့ရာအကြောင်းဖန်လာတော့တဲ့အခါမှာတော့…Paul Berthier နဲ့ ဟယ်လင်ရဲ့အကြားက ဆက်ဆံရေး၊ သားသမီးသုံးဦးရဲ့ အနုပညာပစ္စည်းတွေအပေါ်အမြင်၊ ရှေးပဝေသဏီကတည်းက မိသားစုရဲ့ထမင်းချက်အိမ်ထိန်းဖြစ်ခဲ့တဲ့ အယ်လူဝိစ်ရဲ့ ခံယူချက်တွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီရုပ်ရှင်ရဲ့ဖန်တီးသူ စာရေးဆရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Oliva Assayas ဟာ Summer Hoursရဲ့ခံစားချက်ကိုဆွဲဆောင်စေတဲ့ခံစားချက်ရရှိအောင် ဇာတ်ဆန်ဆန်မရိုက်ကူးထားဘဲ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရဲ့ သဘာ၀အတိုင်း တိုင်ပင်ဆွေးနွေးငြင်းခုန်ကြပုံတွေရိုက်ကူးထားတယ်လို့ဆိုပါတယ်။