တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက်လောက် အလည်သွားကြရအောင်…ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာသစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို ရိုက်ပြထားပါတယ်။ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြတာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံကသူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မလေးက သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေအတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာအတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြတာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင်ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ်စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်းစားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာတော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။“Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေအောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကိုတွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီးရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသသဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစားကြည့်လိုက်ပါဦးနော်…