ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီးတွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကိုကြိုတင်အသိပေးပါစေ။ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်းဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ်သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင်ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့တင်စားထားတာမျိုးပါ။ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီရိုက်ပြထားပါတယ်။အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်းအာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက်တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီဝင်လာခဲ့ကြပါတယ်။အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘောလူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့စိတ်ထဲကျန်နေခဲ့မှာပါ။ဆိုတော့… ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။