ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ်ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ်တန်းမင်းသမီးလို့ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ်တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင်တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarkeလည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tronမင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာစစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသကလယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလတစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစုတစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန်လူမဲမိသားစုက သားကြီးကလည်း ပြန်လာခဲ့တယ်။ သူတို့၂ယောက်မှာတူညီတာက စစ်ရဲ့အနိဠာရုံတွေကို ကြောက်တဲ့စိတ် အခုထိကျန်နေသေးတာပဲ။ မတူညီတာကတော့ ဘဝတွေပေါ့။ စိတ်ဒဏ်ရာတူညီတဲ့သူတို့က သူငယ်ချင်းတွေဖြစ်လာကြတယ်။ ဒါပေမဲ့ လူမဲကိုနိမ့်ကျတယ်ထင်တဲ့ လူဖြူတွေက မကြည်ကြဘူး။ ဒီလိုနဲ့ နောက်ဆက်တွဲတွေဖြစ်လာတယ်။ ဒီဇာတ်လမ်းကိုမှ တော်တော်ကြည့်ကောင်းအောင် ရက်ရက်စက်စက်ပုံဖော်ထားတာပါ။ ခရမ်းချဉ်သီး ၉၇လုံးရထားတဲ့ဇာတ်မို့ မကောင်းမှာတော့ ပူစရာမရှိပါဘူး။