လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ်သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင်မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက်လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ်တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများတယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ်ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင်လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ်ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ်သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေးပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရတယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစားစရာလေးဖြစ်နေပြီ။လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာကသူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ်ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်းတယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုးတစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံအစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရောဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါကြည့်ရှုခံစားလိုက်ကြပါဦး။