အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကိုပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ်လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြသူတွေလည်းရှိပါတယ်။ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်းကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကိုပြောင်းရွေ့လာခဲ့တဲ့ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီးရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Storyဖြစ်ပြီး IMDb Ratingကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန်ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာပါပဲ။ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာခိုလှုံခွင့်တောင်းဖို့ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင်အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကိုငှားပြီး Food Panda Rider လိုမျိုးစက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲဝေစုတော်တော်များများကိုအကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးကသူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ဆူလေမန်တစ်ယောက် အံကြိတ်ပြီးအားတင်းကာ ဆက်လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရတော့မှာဖြစ်တဲ့အတွက် အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကိုလက်ခံပေးနိုင်လောက်မဲ့မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင်ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက်ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့အခါသူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကိုရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။