ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြသလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါတယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်းမျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင်မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူတကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက်စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျားပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့အတိုက်အခံတွေကြားက မအေအိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ်နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွားကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကောလိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့တဲ့အခါမှာတော့……..။တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင်ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီးနောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင်တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။