ဟေလီဟာ နှလုံးအစားထိုးခွဲစိတ်ကုသခံထားရတာ သိပ်မကြာသေးတဲ့ သမီးလေးဖြစ်သူအေဗာနဲ့အတူ အိမ်မှာပဲနေဖြစ်တာများတဲ့ stay-at-home ပန်းချီဆရာမတစ်ယောက်ပါ။ စိတ်ပူပန်မှုတွေအလွန်များလွန်းတတ်တာကြောင့်မို့လို့ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆေးတွေကိုလည်း သောက်သောက်နေရတဲ့သူပေါ့။ ခင်ပွန်းသည်ဖြစ်သူ ဂျိမ်းစ်ရှိပေမယ့်လို့ အလုပ်ကိစ္စနဲ့ခရီးတွေ ခဏခဏထွက်နေရတာကြောင့်မို့လို့ တစ်နေ့မှာတော့ ဂျိမ်းစ်ဟာ ဟေလီအတွက်အကူအညီဖြစ်ရအောင်ရယ်၊ သူကိုယ်တိုင်နဲ့လည်း နှစ်ပေါင်းများစွာကြာအောင် အလှမ်းဝေးကွာလျက်ရှိနေပြီး သိပ်မကြာခင်ကမှ ပြန်အဆက်အသွယ်ရထားတဲ့မိခင်ဖြစ်သူလင်းနဲ့ မိသားစုဘဝလေး ထပ်ဖြစ်စေချင်တာကြောင့် လင်းကို တစ်ခါတလေအိမ်ကိုလာကူညီပေးဖို့ခေါ်ထားလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟေလီ့အနေနဲ့ သဘောအကျကြီးမဟုတ်ပေမယ့်လည်း ခင်ပွန်းသည်ကိုအားနာပြီးလက်ခံလိုက်ရတာပေါ့။ဒါ့အပြင် ဟေလီတစ်ယောက် အပြင်မှာ မက်ဂန်ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပြီး သူငယ်ချင်းတွေလို ရင်းနှီးကျွမ်းဝင်လို့လာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့နားကိုလူသစ်နှစ်ယောက်ရောက်လာအပြီးတစ်နေ့မှာတော့ ကလေးထိန်းဖြစ်သူမေရီဟာ ပန်းခြံမှာကလေးထိန်းပေးနေရင်းနဲ့ ရုတ်တရက်သေဆုံးသွားခဲ့သလို ဟေလီ့အနေနဲ့လည်းသူ့အနောက်ကနေ လိုက်လိုက်နေတဲ့ ယောကျ်ားတစ်ယောက်ကို ခဏခဏတွေ့တွေ့နေလာရပါတယ်။ ဒါပေမယ့်လည်း သူကလွဲပြီး အဲဒီယောကျ်ားကို ဘယ်သူမှမတွေ့ရဘူးပြောပြောနေတော့ တကယ်ရောဟုတ်ရဲ့လား ဒါမှမဟုတ် ဟေလီတစ်ယောက် စိတ်တွေထင်ယောင်ထင်မှားဖြစ်ပြီးမြင်ယောင်နေတဲ့အရာလား။မေရီသေဆုံးသွားတာဟာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။ လင်းဟာလည်းဂျိမ်းစ်ရဲ့မိခင်ဆိုပေမယ့်လို့ ဝေးကွာနေတာနှစ်တွေအတော်ကြာနေပြီဖြစ်လို့ ဟေလီတစ်ယောက် အပြည့်အဝနဲ့ယုံကြည်လို့မရနိုင်တဲ့သူဖြစ်နေသလိုမက်ဂန်ဟာလည်း အခုမှစသိကျွမ်းလာရတာဖြစ်လို့ သဘောရိုးရှိနေနိုင်ပါ့မလားဆိုတဲ့ မေးခွန်းပေါင်းများစွာကိုတော့ ဒီ Stolen in Her Sleep ဆိုတဲ့ကားလေးကိုကြည့်ရင်း အဖြေရှာလိုက်ကြပါဦး။