Billy McMahon နဲ့ Nick Campbell တို့ဟာ အလွန်တော်တဲ့ အရောင်းသမားတွေ ဖြစ်ကြပါတယ်။ အလုပ်လည်း ကြိုးစားကြသလို သူတို့ဘဝဟာ ခိုင်မာတယ်လို့ မြင်ခဲ့ကြပါတယ်။ ကံကြမ္မာအလှည့်အပြောင်းမှာတော့ သူတို့ရဲ့ နာရီကုမ္ပဏီဟာ လုပ်ငန်းဖျက်သိမ်းလိုက်တာကို မသိလိုက်ကြပါဘူး။ အသက်ကြီးမှ ခက်ခက်ခဲခဲ အလုပ်လိုက်ရှာကြတဲ့အခါမှာလည်း ခက်ခဲပြီး စိတ်ဓာတ်ဆိုးဝါးတဲ့အလုပ်ရှင်တွေနဲ့ပဲ တွေ့ရပါတယ်။ နောက်ဆုံး Billy ဟာ အင်တာနက်ကနေတဆင့် အလုပ်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Google ကို သုံးပြီး အလုပ်ရှာနေတဲ့ Billy ဟာ Googleက ခေါ်တဲ့အလုပ်တစ်ခုကို တွေ့ပါတယ်။ အဲဒီအလုပ်ဟာ အမြဲတမ်းအလုပ် မဟုတ်သေးပဲ အလုပ်သင်အနေနဲ့ ခေါ်တာ ဖြစ်ပေမယ့် Bill က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ တိုက်တွန်းတာကြောင့် Nickလည်း စိတ်ပါသွားခဲ့ပါတယ်။ ဒါ့အပြင် တခြားကုမ္ပဏီတွေလို မဟုတ်ပဲ အစစအရာရာ အလကား အသုံးပြုနိုင်တဲ့အပြင် လုပ်ငန်းခွင်အတွင်း အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝနဲ့ သက်တောင့်သက်သာအနားယူနိုင်တာကြောင့် သူတို့နှစ်ယောက် သဘောကျသွားကြပါတယ်။ ပြဿနာကတော့ အလုပ်သင်တွေကို အဖွဲ့ခွဲ၊ အဖွဲ့လိုက်ပြိုင်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ အဖွဲ့ကသာ Google မှာ အလုပ်ရဖို့ အာမခံမှာဖြစ်ပါတယ်။သူတို့နဲ့ အတူ ပါဝင်ရမယ့် သူတွေဟာ တက္ကသိုလ် ပြီးကာစ လူငယ်တွေ ဖြစ်ပြီး အသက်အရွယ်ကြောင့် သူတို့နဲ့ ဘယ်သူကမှ အဖွဲ့မဖွဲ့ချင်ကြပါဘူး။ နောက်ဆုံး သူတို့အဖွဲ့မှာ ဘယ်သူကမှမခေါ်ချင်တဲ့လူတွေချည်း ကျန်နေခဲ့ကြပါတယ်။ Nooglers လို့ခေါ်တဲ့ ဒီအလုပ်သင်တွေဟာ အုပ်စုဖွဲ့ပြီး သူတို့ကို ပေးအပ်လာမယ့် တာဝန်ကို စောင့်နေကြရပါတယ်။ သူတို့အဖွဲ့ထဲမှာ Stuart လို့ခေါ်တဲ့သူ့ဖုန်းကိုပဲ စိတ်ဝင်စားသူ၊ Yo-Yo လို့ခေါ်တဲ့ အိမ်မှာပဲ စာသင်ဖူးပြီး ပြင်ပလောကကို ခုမှ စတင်ထိတွေ့သူ၊ Neha လို့ခေါ်တဲ့ ပေါက်ကရတွေးတတ်တဲ့ ကောင်မလေးတို့ ပါဝင်လာပြီးအဖွဲ့ခေါင်းဆောင်ကတော့ သူ့ရဲ့ စိတ်မလုံခြုံမှုကြောင့် အမြဲတမ်းလိုလို တက်ကြွချင်ယောင်ဆောင်နေတဲ့ Lyle ဆိုတဲ့ Google က ဝန်ထမ်းငယ်လေးပါ။ Mr. Chetty ဟာ ဒီအလုပ်သင်တွေကိုအကဲဖြတ်ပေးမယ့်သူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ၊ အားကစားနဲ့ နည်းပညာပိုင်းမှာ ဘယ်လို အကျွမ်းတဝင်ရှိသလဲဆိုတာတွေကို လေ့လာစောင့်ကြည့်နေပါတယ်။Billy နဲ့ Nick ရဲ့ ရှေ့ခရီးဟာဘာတွေ ဖြစ်လာမလဲ။ မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာပြီး လူတွေနဲ့ အဆင်မပြေတဲ့ သူတို့အဖို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ။ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေလဲ။သူတို့ထက် အင်အားကြီးမားသူတွေ၊ ငယ်ရွယ်ထက်မြက်သူတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။