ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦးတည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ်ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက်တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက်လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေးအပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့တယ်။ “ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့” ဆိုပြီး အိမ်တိုင်ရာရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်းထိုင်ခရော စမ်းသပ်ခပါမရတဲ့ လူနာအကောင်ပေါင်းစုံကို စေတနာ့ဆေးခန်းထိုင်ပေးရတဲ့အထိ ရာထူးတိုးသွားပါတော့တယ်။တစ်ဘက်မှာလည်း စပ်ပေါင်းဖွင့်ထားတဲ့ဆေးခန်းကို ကုမ္ပဏီကြီးတစ်ခုဆီအမြတ်များများနဲ့ရောင်းပစ်ဖို့ကိစ္စရှိနေတာမို့ ငွေမျက်နှာပဲကြည့်တဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့် အိမ်မွေးမဟုတ်လို့ ဆေးဖိုးလိုက်ပေးမယ့်ပိုင်ရှင်မရှိတဲ့တိရစ္ဆာန်တွေကို ပရဟိတလုပ်ဖို့က မဖြစ်နိုင်ခဲ့ပါဘူး။ ကံကလည်းထပ်ဆိုးချင်တော့ ကြွက်ကို CPR ပေးနေချိန် မိန်းမကမြင်ပြီး ရွာသာကြီးရောက်သွားရှာ၊ ရွာသာကြီးကလွတ်လာတဲ့အခါမှာတော့ ခံရတာမတန်လှလေခြင်းဆိုတဲ့စိတ်နဲ့ ဒွိဟလွန်ဆွဲနေချိန် Dr. Dolittle တစ်ယောက် ကိုယ့်ရဲ့ တမူထူးတဲ့အရည်အချင်းနဲ့ အများအကျိုးဆက်ပြုသွားမှာလား၊ ပတ်ဝန်းကျင်က လက်မခံတဲ့ကိစ္စကို အရူးအဖြစ်ခံပြီး ဆက်လုပ်လေမလား ဆိုတာကိုမပျင်းရလေအောင် စိတ်ဝင်တစားနဲ့ ကြည့်ရှုသွားရမယ့် Comedy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။