ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာအသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက်တာတွေ ပြုလုပ်လာပါတော့တယ်။ ဒီတိုက်ခိုက်ရေးသမားတွေကိုအမေရိကန်ထဲ မှောင်ခိုသွင်းပေးတာက မက်ဆီကန်မူးယစ်ဂိုဏ်းတွေဖြစ်နေတော့ အစိုးရအနေနဲ့လက်မည်းကြီးလုပ်ပြီး နောက်ကွယ်ကနေဖြေရှင်းချင်တော့ကျ မက်ကို လှမ်းခေါ်ရပါတော့တယ်။ ဒီမှာ အမေရိကန်အနေနဲ့ ဒီဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး ချေမှုန်းချင်တော့ကျ သူများနိုင်ငံထဲဖြစ်တဲ့အတွက် သူ့ခြံထဲက ကြက်အချင်းချင်းပြန်ခွပ်ခိုင်းတဲ့အကွက် ဂိုဏ်းချင်းရန်တိုက်ပေးပြီး စစ်ဖြစ်အောင်ဖန်တီးပေးဖို့ မက်တို့ တာဝန်ကျလာပါတော့တယ်။ ဒီမှာတင်မက်ကလည်း သူ့လူဟောင်းအာလေဟန်ဒရိုကို ပြန်ခေါ် တပ်ဖွဲ့တစ်ခုဖန်တီးပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပြိုင်ဖက်ဂိုဏ်းကပြန်ပေးဆွဲသယောင်နဲ့ အယောင်ဆောင်လုပ်ပြီး စစ်ပွဲ ဖန်တီးဖို့ကြိုးစားချိန်မှာတော့အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲစသဖြင့် သည်းထိတ်ရင်ဖိုစွာနဲ့ Sicario ထုံးစံအတိုင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သွေးအေးအေးနဲ့ စည်းလွတ်ဝါးလွတ် ကြမ်းတတ်တဲ့မက်တစ်ယောက်နဲ့လုပ်ရည်ကိုင်ရည်အလန်းစားနဲ့ သောက်ရမ်းကြမ်းတဲ့Sicario ကြီး အာလေဟန်ဒရိုတို့ကို ပြန်ခံစားရမှာပဲ ဖြစ်ပါတယ်။