၂၀၂၁ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကိုဗစ်-၁၉ (COVID-19) ဒုတိယလှိုင်း အပြင်းအထန် ရိုက်ခတ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန် အခြေအနေတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကကျောရိုးကို ဒေလီမြို့က SL Critical Care (SL Criticare) ဆေးရုံကြီးအတွင်းမှာ အခြေတည်ထားပါတယ်။ အဲဒီအချိန်တုန်းက ဆေးရုံတွေမှာ လူနာခုတင်တွေ မလောက်ငှတော့သလို အသက်ရှူဖို့ အရေးအကြီးဆုံးဖြစ်တဲ့ အောက်ဆီဂျင်အိုးတွေ ပြတ်လပ်မှု၊ မှောင်ခိုဈေးကွက်ထဲမှာ အဆမတန် ဈေးတင်ရောင်းချမှုတွေနဲ့ ဆေးဝါးရှားပါးမှုတွေကြောင့် တစ်မြို့လုံး ဖရိုဖရဲ ဖြစ်နေခဲ့ပါတယ်။. ဒီလို ခက်ခဲကြမ်းတမ်းလှတဲ့ အခြေအနေဆိုးကြီးထဲမှာ ရှေ့တန်းကနေ မိမိအသက်ကို ပဓာနမထားဘဲ လူနာတွေကို ကယ်တင်ဖို့ နေ့မအား ညမနား ကြိုးစားနေတဲ့ သူနာပြုဆရာမ မန်ဂျို့ နဲ့ ဆရာဝန်တွေရဲ့ ပေးဆပ်မှုတွေကို မြင်တွေ့ရမှာပါ။ တစ်ဖက်မှာလည်း အောက်ဆီဂျင် ပြတ်လပ်သွားလို့ နောက်ထပ် နှစ်နာရီအတွင်း အကူအညီမရရင် လူနာအများအပြား အသက်ဆုံးရှုံးရတော့မယ့် အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကာနီကာရဲ့ ရုန်းကန်ရမှုတွေ၊ မိမိချစ်ခင်ရသူတွေ အသက်ရှင်သန်ရေးအတွက် အသည်းအသန် အကူအညီလိုက်ရှာနေကြတဲ့ မိသားစု သုံးစုရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်တွေနဲ့ စနစ်ရဲ့ အားနည်းချက်တွေအပေါ် ဒေါသထွက်နေတဲ့ လူငယ်တစ်ဦးရဲ့ အမြင်တွေ ချိတ်ဆက်ပုံဖော်ထားပါတယ်။ ကိုဗစ်ကာလအတွင်း လူသားတိုင်း ဖြတ်သန်းခဲ့ရတဲ့ စိုးရိမ်ထိတ်လန့်မှု၊ ဆုံးရှုံးမှုတွေနဲ့အတူ အခက်အခဲဆုံးအချိန်မှာတောင် မပျောက်ကွယ်သွားတဲ့ လူသားချင်းစာနာစိတ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သတ္တိကို ပီပြင်စွာ ရိုက်ကူးပြသထားပါတယ်။ အရာရာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်မှာ လူသားချင်းစာနာမှု၊ ကိုယ်ချင်းစာတရားနဲ့ သူစိမ်းအချင်းချင်း ကူညီဖေးမမှုတွေက ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ဒီဇာတ်ကားကနေတစ်ဆင့် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။