သာမန်လူတွေလို မြေပြင်မှာ ရပ်နေတာမဟုတ်ဘဲ ဟိုးက မှောင်မဲနေတဲ့ တွင်းနက်ကြီးထဲ ကျနေတဲ့သူတွေရှိတယ်။ တကယ်ကျမကျမသေချာရင်တောင် အဲ့လိုကျနေတယ်လို့ ခံစားရတဲ့သူတွေပေါ့လေ။ကျတဲ့ပုံစံအမျိုးမျိုး၊ ကျတဲ့တွင်းအမျိုးမျိုးလည်းရှိသေးတယ်။ ဒီဇာတ်ကားထဲမှာတော့ မူးယစ်ဆေးဝါးတွင်းကြီးထဲကို ကျနေတဲ့ မြေအောက်ကမ္ဘာကလူတွေကို တွေ့ရမှာပါ။မလွှဲမရှောင်သာလို့ပဲဖြစ်ဖြစ်၊ မသိလိုက်ခင်မှာပဲဖြစ်ဖြစ်၊ စိတ်ထွက်ပေါက်အနေနဲ့ဖြစ်ဖြစ်၊ ကြိုက်လို့ပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ဖြေရှင်းနည်းတစ်ခုအနေနဲ့ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်၊ ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် အမျိုးမျိုးသောမြစ်ဖျားခံရာ အကြောင်းအရင်းတွေဆီကနေ မှားယွင်းနဲ့နည်းလမ်းတွေနဲ့ သုံးစွဲမိပြီး ထိုတွင်းနက်ကြီးထဲကို ကျသွားရသူတွေ။ ပြန်တက်နိုင်ကြပါလေမလား။ဘယ်သူ့အမှားလို့ အပြစ်တင်ရပါ့လေမလဲ။ မွေးဖွားလာခဲ့ရတဲ့ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးမလား။ ကံကိုပဲပုံချမလား။ တစ်ပါးသူအမှားကြောင့်ဖြစ်နိုင်မလား။ ကိုယ့်ကိုယ်၌မှာသာ ဖြစ်နေတဲ့အရာမို့လို့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရုန်းထွက်မှဖြစ်တော့မှာပါ။ ဒီဇာတ်ကားထဲမှာတော့သမီးကိုချစ်တဲ့စိတ်ကြောင့် မူးယစ်ဆေးနွံထဲကနေ မရ,ရအောင် ရုန်းထွက်ပြခဲ့တဲ့ သန်မာတဲ့ မိခင်ငယ်တစ်ယောက်ကို မြင်တွေ့ရပါလိမ့်မယ်။