လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလိုထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်းသွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူလက်နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ကလန်ကလား၊ ဂိုးမသွင်းတတ်တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲကပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမားတစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။