စုယုကိဟာ အမေကိုသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက် အမေက ၁ ဆို ၂ မလုပ်တတ်တဲ့ အမေ့စကားဆိုရင် မြေဝယ်မျကနားထောင်တတ်တဲ့သူလေးပေါ့။စုယုကိကတော့ တာဒိုကိုရိုကိုသဘောမကျပေမဲ့ အမေဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်နဲ့မလိုက်ဖက်မှန်းသိသိကြီးနဲ့ ဘေးလူတွေကလည်းတားဆီးနေပါရက်နဲ့ ဇွတ်လက်ထပ်လိုက်ပါတယ်။ဒါပေမဲ့ တာဒိုကိုရိုတို့မိသားစုက တော်တော်လေးမွန်းကြပ်စရာကောင်းတဲ့မိသားစုဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူတာဒိုကိုရိုဟာ စုယုကိကိုကြင်နာဖေးမရကောင်းမှန်းမသိပါဘူး။ဒါပေမဲ့ စုယုကိကတော့ အမေ့မျက်နှာတစ်ကမ္ဘာနဲ့ ပျော်ရွှင်နေဆဲပါပဲ။ဒီလိုနဲ့ စုယုကိတစ်ယောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ သူကိုယ်တိုင်မိခင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။တာဒိုကိုရိုနဲ့ အချစ်တွေ သံယောဇဉ်တွေမပါဘဲ ဝတ္တရားသက်သက် တည်ဆောက်ထားတဲ့ဒီအိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆာယာခါလေးကို စုယုကိတစ်ယောက် ဘယ်လိုမှမေတ္တာမပေးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ မီးလောင်မှုဖြစ်ပြီးတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရချိန်မှာတော့စုယုကိနဲ့ဆာယာခါကြားမှာ လုံးဝကိုအစိမ်းသက်သက်ဖြစ်သွားပါတော့တယ်။နဂိုထဲကမကြင်နာတဲ့စုယုကိဟာ အဘွားဆုံးသွားမှ ရန်သူတစ်ယောက်လိုဆက်ဆံလာတာကို ဆာယာခါနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့။အေးတိအေးစက် အဖေ မကြင်နာတဲ့အမေ နှုတ်နဲ့တစ်မျိုး အမူအရာနဲ့တစ်မျိုး နှိပ်စက်တတ်တဲ့အဖေ့ရဲ့မိသားစုတွေကြားမှာအထီးကျန်မှုတွေကို ရင်ဝယ်ပိုက်ထားတဲ့ ဆာယာခါတစ်ယောက် လမ်းဆုံးကိုရွေးသွားတဲ့အခါမှာတော့…အဘွားဆုံးသွားမှ စုယုကိကသမီးဖြစ်သူကို ဘာလို့ပိုပြီးအေးစက်လာတာလဲ။စုယုကိနဲ့ဆာယာခါရဲ့ပြဿနာက ဘယ်ကနေစမှားသွားတာလဲ။လူတွေပါးစပ်ဖျားကနေ လွယ်လွယ်ပြောတတ်တဲ့ မိခင်မေတ္တာ မိခင်စိတ်ဆိုတဲ့အရာက ထင်သလောက်ရိုးရှင်းသလားဆိုတာကိုသရုပ်ဖော်ထားတဲ့ဒီရုပ်ရှင်လေးကို စုယုကိနဲ့ဆာယာခါတို့ရဲ့ မတူညီတဲ့ရှုထောင့်ပုံစံနဲ့ ကြည့်ရှုခံစားရင်း ကိုယ်တိုင်ပဲအဖြေရှာလိုက်ရအောင်ပါ။