Suspect X HD

Suspect X

Crime Drama Mystery HD 2008-10-04 7.5 128 Min

ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို(Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှလက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya)ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က သူကြိတ်ခရက်ရှ်နေတဲ့ ယာဆုကိုရဲ့ဆိုင်ကနေ နေ့လယ်စာထမင်းဘူးဝယ်ချိန်ပါ။ အဲဒါကြောင့် ယာဆုကိုတို့သားအမိကြောင့် ဖြစ်သွားတဲ့ လူသတ်မှုကိုရဲတွေစုံစမ်းစစ်ဆေးလို့မရနိုင်အောင် လက်စဖျောက်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ဒါပေမဲ့ ထူးခြားဆန်းကြယ်မှုခင်းပေါင်းများစွာကို သိပ္ပံနည်းကျကျ ဖြေရှင်းပြနိုင်လို့ ဂယ်လီလီယို (Galileo) လို့အခေါ်ခံရတဲ့ ရူပဗေဒပညာရှင် ပါမောက္ခ ယူကာဝါမာနာဘူ (Yukawa Manabu)တစ်ယောက် အဲဒီလူသတ်မှုကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ တစ်ဖက်က သင်္ချာပညာရှင်၊ တစ်ဖက်က ရူပဗေဒပညာရှင် တစ်နည်းပြောရင် ဉာဏ်ကြီးရှင်နှစ်ယောက် ဘယ်လိုတွေ ပညာပြိုင်ကြမလဲဆိုတာရုပ်ရှင်ထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။၂၀၀၈ ခုနှစ်မှာထွက်ခဲ့တဲ့ Suspect X ဟာ ဂျပန်စာရေးဆရာ Keigo Higashino (1958 ~ ) ရဲ့ Detective Galileo series ထဲကတတိယမြောက်စာအုပ် The Devotion of Suspect X (2005) ကိုအခြေခံရိုက်ကူးထားတာပါ။ ပထမဆုံး ၂ အုပ်က Detective Galileo ဝတ္ထုတိုပေါင်းချုပ်တွေဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာGalileo နာမည်နဲ့စီးရီးထုတ်ထားသလို ၂၀၁၃ ခုနှစ်မှာလည်း Galileo 2 ဆိုပြီး ဆက်ထုတ်ထားပါတယ်။The Devotion of Suspect X ကို ကိုရီးယားဗားရှင်း Perfect Number (2012) နဲ့တရုတ်ဗားရှင်း The Devotion of Suspect X (2017) အဖြစ် ရိုက်ကူးထားတဲ့အပြင် India ရုပ်ရှင်ဖြစ်တဲ့ Drishyam (2013) ရဲ့ Remake ဖြစ်တဲ့ Drishyam (2015) လည်းပြဿနာတက်မှာစိုးပြီး The Devotion of Suspect X ကို မူပိုင်ခွင့်ဝယ်ပြီး မှီငြမ်းထားတယ်လို့ဆိုပေမဲ့ Drishyam (2015) က Drishyam (2013) အတိုင်းပါပဲလို့သိရပါတယ်ဂျပန်ဗားရှင်းကလွဲပြီး ကျန်ဗားရှင်းတွေ တစ်ကားနဲ့တစ်ကားမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်တွေရဲ့အကျင့်စရိုက်တွေ၊ ဇာတ်လမ်းအသွားအလာတွေမတူတဲ့အပြင် ဇာတ်သိမ်းပါမတူဘူးလို့ထင်မိပါတယ်။ဂျပန်ဗားရှင်းတောင် မူရင်းစာအုပ်ထဲကအတိုင်း လုံးဝထပ်တူမဟုတ်ဘဲ ပြုတ်သင့်တာပြုတ်၊ ထည့်သင့်တာထည့် ရှေ့နောက်အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဇာတ်ကောင်တွေကို ပုံဖော်တဲ့နေရာမှာစာအုပ်ကအားသာနေပြီး ထိုဇာတ်ကောင်တွေကို ပိတ်ကားပေါ်တင်ပေးလိုက်တဲ့ သရုပ်ဆောင်တွေလည်း အိုဗာတင်းမဆန်ဘဲ စာအုပ်ထဲကအတိုင်း ပေါ်လွင်အောင် သရုပ်ဆောင်ပြထားပါတယ်။