George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကားတွေဟာကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာစပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။စပီးဘာ့ဂ်နဲ့လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာမင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။