ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ “LittleFinger” သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။