Sound of the Police FHD

Sound of the Police

Documentary FHD 2023-08-11 10 85 Min

2020 တုန်းက အမေရိကန်ရဲတစ်ယောက်ရဲ့အကြမ်းဖက်ဖမ်းဆီးမှုကြောင့်အပြစ်မဲ့တဲ့ အမေရိကန်လူမည်းအမျိုးသား ဂျော့ဂ်ျဖလွိက်သေဆုံးမှုအကြောင်းဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အဲဒီတုန်းက “Black LivesMatter” လှုပ်ရှားမှုတွေ အတော်ကျယ်ပြန့်သွားခဲ့တာပါ။ အမေရိကန်ရဲတွေနဲ့လူမည်းတွေကြားက ပဋိပက္ခဟာ အဲဒီအချိန်ကမှ စခဲ့တာမဟုတ်ပါဘူး။ ဖလွိက်မတိုင်ခင်က ဖလွိက်ပေါင်းများစွာရှိခဲ့သလို ဖလွိက်ကိစ္စအပြီးမှာလည်း ရပ်တန့်မသွားခဲ့ပါဘူး။ဒီရုပ်ရှင်ကတော့ ဒီမိုကရေစီထွန်းကားလှပါတယ်ဆိုတဲ့ အမေရိကမှာ လူဖြူ၊ လူမည်းတွေခွဲခြားဆက်ဆံမှုတွေ ခုထိရှိနေပြီး တရားဥပဒေစိုးမိုးရေးစနစ်ကပါလူမည်းတွေကို ဖိနှိပ်ထားဆဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ documentaryရုပ်ရှင်ပါ။ရုပ်ရှင်အစမှာ ၂၀၂၂ ခုနှစ်က ရဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသားလူငယ် အမီရ်လော့ခ်ကို အစပြုပြီး လူမည်း‌တွေအပေါ် အမေရိကန်ရဲတွေရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်မှုတွေ၊အသားအရောင်ခွဲခြားဘက်လိုက်မှုတွေ၊ ကလေးချင်းအတူတူ ကလေးလိုအမြင်မခံရဘဲ အကြမ်းဖက်ခံရတဲ့ လူမည်းကလေးငယ်တွေအကြောင်း အကိုးအကား ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်ဆက်ထားပါတယ်။လူဖြူလူမည်းခွဲခြားမှု ဘယ်ကစသလဲပြောရရင် သမိုင်းကြောင်းအတော်ရှည်ပါတယ်။ အမေရိကန်မှာ လူမည်း‌တွေကို ကျွန်ပြုထားတဲ့ ကျွန်စနစ်ထွန်းကားချိန်နှစ်ပေါင်းရာချီသမိုင်းကြောင်း ပြန်လှန်ရမှာပါ။ အမေရိကန်ပြည်တွင်းစစ်ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ Gone with the Wind လို အမေရိကန်ပြည်တွင်းစစ်နောက်ခံ၀တ္ထုမျိုးကို ဖတ်ဖူးရင်တော့ လူဖြူလူမည်းကိစ္စကိုပိုပြီးဇာတ်ရည်လည်မယ်ထင်ပါတယ်။အမေရိကန်လူမည်းတွေရဲ့ဘ၀ဟာ ကျွန်စနစ်ပျက်သုဉ်းပြီး နှစ်ရာချီလာတဲ့ အခုချိန်အထိ ဖိနှိပ်ခံနေရဆဲ၊ ကြမ်းတမ်းနေဆဲပါပဲ။ လူချင်းအတူတူ အပေါ်ယံ အသားအရောင်ကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံတယ်ဆိုတာကလည်း အတော်ကြီးဆိုးတဲ့ လူမဆန်မှုပါ။ လူသားချင်းစာနာမှုနဲ့ကြည့်တတ်မယ်ဆိုရင် ဒီရုပ်ရှင်မှာမြင်ရမယ့်အကြောင်းအရာတွေက စိတ်မခိုင်သူတို့အတွက် မျက်ရည်ကျလောက်တဲ့အထိ ခံပြင်းဒေါသထွက်စရာ၊ စိတ်မကောင်းစရာအဖြစ်တွေကို ခံစားသိမြင်ကြရမှာပါ။