ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီးမင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာအိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားကအတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ်လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိကပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီးမိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ…နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် သူယုံကြည်ထားတဲ့ ဥပဒေဆိုတာက သူ့ကိုအကူအညီပေးမလာတဲ့အခါမှာတော့…စစ်ပြန်ကြီးဟာ လက်နက်ဆွဲကိုင်ပြီး အမှန်တရားအတွက် တိုက်ခိုက်ပါတော့တယ်။“ကျွန်တော့်မှာ အပြေးပြိုင်ပွဲနဲ့ပတ်သက်လို့ စည်းကမ်းတခုရှိတယ်၊ ဘာလဲဆိုတော့ပြိုင်ပွဲစပြီဆိုတာနဲ့ နိုင်တာရှုံးတာအဓိက မကျတော့ဘူး၊ပန်းတိုင်ကိုရောက်ဖို့ အဓိကပဲ။အဲဒီလိုပဲ အခုတိုက်မယ့်တိုက်ပွဲကိုလဲ နိုင်တာရှုံးတာထက် ပြီးဆုံးအောင်တိုက်ခိုက်သွားမယ်”ဆိုတဲ့နိုင်ငံ့ဂုဏ်ဆောင် စစ်သားအားကစားသမားတယောက်ဖြစ်ခဲ့ပေမယ့် ထိုက်တန်တဲ့ဘဝကိုမရခဲ့တဲ့ ပန်းဆင်းဂ်ရဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။“ဒီရုပ်ရှင်က သမိုင်းမှာအသိအမှတ်ပြုမခံရဘဲကိုယ့်ကိုယ်ကိုယ်စတေးသွားတဲ့ အိန္ဒိယအားကစားသမားများကို ရည်ညွှန်းပါတယ်” လို့အဆုံးသတ်မှာ ဒါရိုက်တာက ဂုဏ်ပြုထားပါတယ်။