Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။“စစ်သည်တော် ပစ်ပ်ပါ”ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။“ပစ်ပ်ပါ”ဆိုတဲ့ အိန္ဒိယရဲ့ ကုန်းရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲဖန်တရာထပ်နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆိုပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကိုမသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကိုဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှစစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်းစစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့…တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်လေးကို ရှုစားပေးကြပါဦး။