ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ထိတ်ထိတ်ကြဲစတားတစ်ယောက်အတွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်ကအသက်ကြီးတဲ့အချိန်မှာ သူ့နောင်တတွေကို ပြောပြတာမြင်ရတော့ စိတ်ထဲတစ်မျိုးလေး ခံစားရမှာပါ။ ဂရုဏာလား… မေတ္တာလား…စရိုက်ကြမ်းတဲ့နယ်မှာမွေးတယ်၊ စရိုက်ကြမ်းတဲ့အဖေ့ဆီမှာကြီးပြင်းခဲ့ရတယ်။ ငယ်ငယ်ကတည်းက မျက်စိမှေးမှေး၊ ပါးတခြမ်းစောင်းနေတဲ့သူ့အတွက် သရုပ်ဆောင်အလုပ်ဆိုတာ အိပ်မက်ထဲမှာတောင် ယောင်ပြီးမက်မယ့်ကိစ္စမဟုတ်ခဲ့ဘူး။ဒါပေမဲ့ စတားလုံးကစိတ်ကူးယဉ်သမား… စိတ်ကူးယဉ်သမားဆိုတာထက် ရည်မှန်းချက်ကြီးတဲ့လူဆိုရင် ပိုမှန်လိမ့်မယ်။ သူ ဒီလိုရည်မှန်းချက် တပွေ့တပိုက်နဲ့ ဟောလိဝုဒ်တောနက်ကြီးထဲကိုခြေချခဲ့တယ်။ခြင်္သေ့ပေါက်ကလေးအနေနဲ့ပေါ့။စတားလုံးအတွက် ဇာတ်ကောင်နေရာဆိုတာမရှိဘူး။ ဘယ်ဇာတ်ကောင်နဲ့မှအံဝင်မယ်ဆိုတာမျိုး မရှိဘူး။ ဒါရိုက်တာတိုင်း ထုတ်လုပ်သူတိုင်း ဒီလိုပြောခဲ့ကြတယ်။ ဒီတော့သူဘာလုပ်ခဲ့လဲ။ သူ့အတွက်ဇာတ်ကောင်မရှိရင် သူ့ဇာတ်ကောင်သူ ဖန်တီးမယ်။ ဒီလိုနဲ့ Rocky မွေးဖွားခဲ့တယ်။ Rambo မွေးဖွားခဲ့တယ်။Rocky ရုပ်ရှင်တစ်ကားချင်းစီက သူ့ဘဝဖြတ်သန်းမှုကိုဘယ်လိုဘယ်ပုံ ထင်ဟပ်နေကြောင်း ဒီရုပ်ရှင်ထဲမှာတွေ့ရမယ်။ Rocky ရဲ့ မဆုတ်မနစ်ကြိုးစားပုံတွေ၊ မိသားစုကို ဂုဏ်ယူစေချင်ပုံတွေ၊ အချစ်ကိုတန်ဖိုးထားပုံတွေ၊ ဘဝသစ်ပြန်စပုံတွေ ဒီလိုတွေ။Ramboကတော့ သူ့ရဲ့ အရိုင်းဆန်တဲ့ဘက်ခြမ်းပေါ့။ သူ့ဘဝမှာ အဲဒီဇာတ်ကောင် ၂ နေရာကို သရုပ်ဆောင်ခဲ့ရတာနဲ့တင် အသက်ရှင်ရကျိုးနပ်ပြီတဲ့လေ။ဒါပေမဲ့ စတားလုံးဘဝမှာ မပေါက်တဲ့ရုပ်ရှင်တွေ၊မအောင်မြင်တဲ့ဆက်ဆံရေးတွေ တပုံတပင်ရှိခဲ့တယ်။ ဒါတွေကို သူ့ရဲ့ ရုပ်ရှင်တွေထဲမှာ ထည့်ရေးခဲ့တယ်။ ထည့်ပြောခဲ့တယ်။ ထည့်သရုပ်ဆောင်ခဲ့တယ်။ သူ့အတွက် ရုပ်ရှင်ရိုက်တယ်ဆိုတာ လက်တွေ့ဘဝမှာမဖြစ်လာနိုင်တဲ့ကိစ္စတွေကို ရုပ်ရှင်ထဲဖြစ်ခွင့်ပေးလိုက်တာပဲ။ ဒီ ဒိုကူကိုကြည့်ရင်း စတားလုံးရဲ့ အရင်ကားဟောင်းတွေကိုပါ နောက်တကြိမ်ထပ်ကြည့်ချင်စိတ်ဖြစ်လာခဲ့ရင်၊ ဖြစ်လည်းဖြစ်လာနိုင်တာကြောင့်Channel Myanmar မှာ Rocky Franchise၊ Rambo Franchise အပြင် တခြား စတားလုံးရုပ်ရှင် အများစုရှိပါတယ်။ အဲဒီရုပ်ရှင်တွေထဲက စကားတစ်ကြောင်းချင်းစီကို စတားလုံးဘဝနဲ့ ယှဉ်ပြီးပြန်ခံစားကြည့်နိုင်ပါတယ်။သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေက ကျွန်တော်တို့ယူဆထားတဲ့ သာမန်အက်ရှင်ရုပ်ရှင်တွေဆိုတာထက်အများကြီးပိုကြောင်း ဒီ Documentary မှာမှ သိခွင့်ရတယ်။ ရုပ်ရှင်တွေကိုလုပ်ရင်းသူ့ရင်ထဲက ဘာနဲ့ဖြည့်ဖြည့် ပြည့်မှာမဟုတ်တဲ့ ဟာကွက်တစ်ခုကိုဖြည့်ဖို့ကြိုးစားခဲ့တယ်။ဒီလိုမင်းသားကြီးဟာ ဝမ်းနည်းစရာဇာတ်သိမ်းတွေကိုမကြိုက်ပါဘူးတဲ့။ဘာကြောင့်မကြိုက်သလဲဆိုတဲ့အကြောင်းပြချက်က သူ့မှာ အခိုင်အမာရှိနေနှင့်ပြီးသားပါ။ ဒီအကြောင်းတွေနဲ့ စတားလုံးဆိုတဲ့ပြယုဂ်တစ်ခု ဘယ်လိုထုဆစ်ခဲ့သလဲဆိုတာကို ဒီ Documentary နဲ့ ခံစားလိုက်ကြတာပေါ့။