ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။ ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ်မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Daneမျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါလိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျနေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါသဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။