ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလိုနောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်လေးဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်းတွေ့ကာ အာကာသထဲရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါတယ်။ သူ့ရဲ့ဂယက်တွေကြောင့်ပဲ ကမ္ဘာပေါ်ကို ဥက္ကာခဲကြီးတစ်ခုပြုတ်ကျလာပြီး အဲဒီဥက္ကာခဲကနေတဆင့် နောက်ထပ်ဥက္ကာခဲတွေတစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အရေးအထိကြုံလာရပါတော့တယ်။ဒါကြောင့် မန်နီ ဆစ် ဒီယေဂိုတို့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေIce Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာပျက်မယ့်အရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်းမန်နီရဲ့သမီးလေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ်ထူထောင်ဖို့ ကြိုးစားလာတာကြောင့် သမီးကို တုန်နေအောင်ချစ်တဲ့ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှမြောလည်းနှမြောပြီးသမီးဖြစ်သူရဲ့ ချစ်သူ သမက်လောင်းကို ဘုကလန့်တိုက်ပုံတွေကအတော်လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့Ice ageဆိုတဲ့အရသာကို sequelတွေရဲ့ထုံးစံအတိုင်း အပြည့်အဝမရနိုင်ပေမဲ့ franchiseကြီးတစ်ခုလုံးကို အကောင်းဆုံး ပိတ်သိမ်းပေးနိုင်ခဲ့တဲ့၊ ကျွန်တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်ကောင်တွေကို မိသားစုကိုယ်စီနဲ့ နှုတ်ဆက်နိုင်ခဲ့တဲ့ ဇာတ်လမ်းကောင်း ဖြစ်ခဲ့ပါတယ်။